CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇

ရန်ကုန်မြို့အတွင်း အခြေပြု၍ ပြည်ပနိုင်ငံသားများ၏ အချက်အလက်များ ရှာဖွေစုဆောင်းကာ အွန်လိုင်းငွေ ကြေး လိမ်လည်နေသူ ၉၅ ဦးကို ဖမ်းဆီး ရမိခဲ့သည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်း၊ ဦးချစ် မောင်အိမ်ရာ၊ တိုက်အမှတ်(S-19)တွင် ရုံးခန်းဖွင့်လှစ်ထားသည့် Supportfix Co.,Ltd အား ဝင်ရောက်စီးနင်း ရှာဖွေစဉ် ဇူကျန်း(ခ)လောက်ဖ အပါအဝင် ကျား ၆၆ ဦး၊ မ ၂၂ ဦး စုစုပေါင်း ၈၈ ဦးကို ပြည်ပနိုင်ငံသားများ၏ အချက်အလက်များ စုဆောင်း၍ ငွေကြေးလိမ်လည်နိုင်ရေး ဆောင်ရွက်ရာ၌ အသုံးပြုသော ကွန်ပျူတာ၊ မိုဘိုင်း ဖုန်း စသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ဇူကျန်း(ခ)လောက်ဖ၏ ထွက်ဆိုချက်အရ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ လှိုင်မြစ်လမ်း ရှိ Spring Line ကွန်ဒို၊ (၅)လွှာ၊ အခန်း(၅၀၁)သို့ ဝင်ရောက် စီးနင်းရှာဖွေခဲ့ရာ ကျန်းယွိ အပါအဝင် ကျား ၅ ဦး၊ မ ၂ ဦး စုစုပေါင်း ၇ ဦးအား ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက် ဖော်ထုတ်ချက်အရ Supportfix Co.,Ltd အတွက် ဝန်ထမ်းများ ရှာဖွေပေးသူ ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်း၊ Dimond Condo (၇)လွှာနေ Zhan Tu Co.,Ltd ပိုင်ရှင် ရန်လုံရှင်းအား သွားရောက်ရှာဖွေခဲ့ ရာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ရုံးခန်းဖွင့်လှစ်ထားသော ကမာရွတ်မြို့နယ်၊ Time City Office Tower (3)၊ (၁၅)လွှာ၊ အခန်းအမှတ်(၁၅၀၂)အား ဆက်လက်ရှာဖွေ ချိပ်ပိတ် သိမ်းဆည်းခဲ့ကြောင်း နစက၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အဖွဲ့များသည် ပြည်ပနိုင်ငံသားများထံမှ ငွေကြေးများ လိမ်လည်ရယူနိုင်ရန်အတွက် ပစ်မှတ်များရှာဖွေ စုဆောင်းခြင်း၊ ရရှိသည့် ပစ်မှတ်များ၏ ကိုယ်ရေး အချက်အလက်များ ရယူရန်အတွက် ဝန်ထမ်းများအား အဖွဲ့ တစ်ဖွဲ့လျှင် ၁၀ ဦးစီခန့်ဖြင့် အဖွဲ့ငယ် ၈ ဖွဲ့ ဖွဲ့စည်း၍ WhatsApp လူမှုကွန်ရက်မှတဆင့် ပစ်မှတ်များထံ ဆက် သွယ်ကာ အချက်အလက်များ ရယူလေ့ရှိသည်။

ထို့နောက် ရရှိသည့် အချက်အလက်များအား စုဆောင်း၍ ငွေကြေး လိမ်လည်မည့် အခြား အဖွဲ့များသို့ ပြန်လည် ရောင်းချခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုကဲ့သို့ အွန်လိုင်း လူမှုကွန်ရက်မှတဆင့် ပြည်ပနိုင်ငံသားများထံမှ ငွေကြေးလိမ်လည်မှုပြုလုပ်နေသူ ဖမ်းဆီးရ မိတရားခံ ၉၅ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောသည်။