CNI International News

နယူးယောက်၊ စက်တင်ဘာ ၂၀

ရှေးရိုးစွဲ(ကွန်ဆာဗေးတစ်)တစ်ဦးဖြစ်သည့် တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲသည် စက်တင်ဘာ ၂၀ ရက် (ယနေ့)၌ ကုလသမဂ္ဂ (UN) အထွေထွေညီလာခံသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ကြောင်း South China Morning Post သတင်းစာ၏ အွန်လိုင်းစာမျက်နှာ၌ ဖော်ပြထားသည်။

၎င်းသည် သိမ်မွေ့နက်နဲသော သံတမန်ရေးရာ စမ်းသပ်မှုနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း၊ တရုတ်-အမေရိကန် ပြိုင် ဆိုင်မှုတိုးလာနေချိန်၌ တောင်ကိုရီးယားသည် စူပါပါဝါနိုင်ငံများအကြား ဟန်ချက်ညီညီ လုပ်ဆောင်ရန် ပိုမိုခက်ခဲ လာကြောင်း လေ့လာသုံးသပ်သူများက ဝေဖန်ခဲ့ကြသည်။

သမ္မတယွန်၏ ကုလသမဂ္ဂခရီးစဉ်သည် လူမျိုးရေးခွဲခြားမှု စွပ်စွဲချက်များကြောင့် ပြည်တွင်းရတက်မအေးစရာများ နှင့် ၎င်း၏ဇနီး ကင်မ်ကန်ဟီးနှင့်ပတ်သက်၍ အငြင်းပွားမှုများမှ သက်သာရာ ရစေမည်ဟု သိရသည်။

တစ်ချိန်တည်းမှာပင် ၎င်း၏ရှေ့မှ လစ်ဘရယ်ဝါဒီ သမ္မတဟောင်း မွန်းဂျေအင်းသည် မြောက်ကိုရီးယားအလိုကျ အောင် တရုတ်ကို အလျှော့ပေး၍ ဒူးထောက်ဆက်ဆံခဲ့ကြောင်း လက်ရှိသမ္မတ ယွန်က အပြစ်တင်ဝေဖန်ခဲ့သည်။ မွန်းဂျေအင်းလုပ်ပုံလုပ်နည်းအစား မိမိသည် အမေရိကန်နှင့်ဂျပန်တို့ကိုသာ မဟာမိတ်ဖွဲ့သွားမည်ဟု ယွန်က ကတိပြုခဲ့သည်။

လွတ်လပ်မှုကို ချဲ့ထွင်ဖို့ မိမိအစိုးရသည် အခြားစိတ်တူကိုယ်တူနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ လူ့အခွင့်အရေးနှင့် စည်းစနစ်အခြေခံသောအမိန့်၊ တရုတ်နှင့်ရုရှားတို့ကို ရင်ဆိုင်ရန် ကမ္ဘာက မည်သို့ လုပ်ဆောင်သင့်ပုံတို့ကို ဝါရှင်တန် ရွေးချယ်ပေးသည့်အတိုင်း ဆက်လက်လျှောက်လှမ်းသွားရန် ရည်ရွယ်ထား ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နှင့် တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲတို့ ပြီးခဲ့သည့် မေလက ဆိုးမြို့လ်ရှိ သမ္မတ အိမ်တော်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်(ဓါတ်ပုံ - အေအက်ဖ်ပီ)

သို့သော် တောင်ကိုရီးယားသည် တရုတ်နှင့်ရုရှားတို့ကဲ့သို့ သီးခြားနိုင်ငံများကို ဆန့်ကျင်သွားမည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း ဆိုးလ်အစိုးရတာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။

“ကုလသမဂ္ဂမှာ ပြောကြားမယ့် သမ္မတရဲ့မိန့်ခွန်းဟာ လွတ်လပ်မှုကို ချစ်မြတ်နိုးတဲ့နိုင်ငံတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်ဖွဲ့မှု ချဲ့ထွင်ဖို့၊ လွတ်လပ်မှုကို ချဲ့ထွင်ဖို့ စံနှုန်းတွေ ပါဝင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု တောင်ကိုရီးယားသမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက သတင်းထောက်များကို ယခင်သီတင်းပတ်၊ စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

“လွတ်လပ်မှု၊ လူ့အခွင့်အရေးနဲ့ စည်းစနစ်အခြေခံတဲ့အမိန့်ကို မြှင့်တင်ဖို့ အယူအဆနဲ့ပတ်သက်လို့ လုံးဝသဘောမတူတဲ့ နိုင်ငံတချို့ ရှိမှာပါ။ အဲဒီလိုသဘောမတူတဲ့နိုင်ငံတွေနဲ့လည်း အပြန်အလှန်လေးစားပြီး အကျိုးရှိစေမယ့် အစီအစဉ်တွေ ဖော်ဆောင်သွားဖို့ နည်းလမ်းတွေ ကျနော်တို့ ရှာဖွေသွားမယ်” ဟု သမ္မတယွန်က UN တွင် ထပ်လောင်းပြောကြားခဲ့သည်။

ယခင်သမ္မတမွန်းဂျေအင်းလက်ထက်က တရုတ်နှင့်အမေရိကန်တို့အပေါ် တောင်ကိုရီးယား၏ မရေရာသော မူဝါဒကို ယွန်ဆော့ရွဲ အပြစ်တင်ဝေဖန်ခဲ့ကြောင်း စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ဝေသည့် နယူးယောက်တိုင်းမ် သတင်းစာပါ အင်တာဗျူးတွင် ဖော်ပြထားသည်။

“ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း ကျနော် ဆက်လုပ်သွားမှာဖြစ်ပါတယ်။ တောင်ကိုရီးယားက အမေရိကန်နဲ့ တရုတ်နဲ့ ဆက်ဆံရေးကို ပိုပြီး ရှင်းရှင်းလင်းလင်း ရပ်တည်သွားမှာပါ” ဟု ယွန်ဆော့ရွဲ၏ပြောကြားချက်ကို ကိုးကား၍ နယူးယောက်တိုင်းမ်က ဆက်လက်ရေးသားထားသည်။

Source: South China Morning Post