CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်များအတွက် လိုအပ်သည့် နိုင်ငံခြားငွေများကို ဧပြီလမှ စတင်၍ ရောင်းချပေးရာ လက်ရှိအချိန်ထိ ဒေါ်လာ သန်း ၁၀၀၀ အထိ ရောင်းချပေးထားပြီဖြစ်၍ စီးပွားရေးကို ကုစားနိုင်ပြီလားဆိုကာ မေးခွန်းထုတ်မှုများ ရှိနေသည်။
ထိုသို့ ရောင်းချပေးသော်လည်း ပြည်တွင်း ကုန်ဈေးနှုန်း မြင့်တက်မှုနှင့် စီးပွားရေး လုပ်ငန်းများတွင် သက်ရောက် မှုများ မရှိသေးဘဲ ပြည်သူလူထုမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ က ပြောသည်။
ဗဟိုဘဏ်မှ ရောင်းချပေးထားသည့် ဒေါ်လာများ စီးပွားရေး လုပ်ငန်းတွင် ရောက်/မရောက်ကို လေ့လာသင့် ကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
ဗဟိုဘဏ် ရုံးချုပ်ကိုတွေ့ရစဉ်
၎င်းက “ဘယ်ဟာတွေ အရေးကြီးလဲပေါ့။ တစ်ဖက်က ကုန်သွယ်ရေးနဲ့ ချိတ်ဆက်ပြီးတော့ စဉ်းစားမှ ရမှာပေါ့။ လောလောဆယ် သွင်းကုန်လိုင်စင် ဘာညာ ချပေးထားတယ်။ ဘာကြောင့် ချပေးထားတယ်၊ ဘယ်လောက် အရေးကြီးလဲ အဲဒီလို control မှုရှိရင်တော့ ကောင်းတာပေါ့။ အဲဒီလို မရှိဘူးဆိုရင်တော့ ဒါတမျိုးပေါ့။ local မှာတော့ Foreign currency က တကယ်တော့ မလိုဘူးလေ။ လိုတယ်ဆိုတာ import ကြောင့်ပဲ လိုမှာ။ export ပြန်လုပ်ဖို့အတွက် import သွင်းရတဲ့ ရည်ရွယ်ချက်တွေလည်း ရှိတာကိုး။ ဘာလို့ဆို semi product တွေ သွင်းရ တာပေါ့။ raw material တွေ သွင်းရတာ ရှိတယ်။ နောက်တစ်ခါ community goods တွေ သွင်းရတာ ရှိ တယ်။ ဒါတွေမှာ ဘာတွေ အရေးကြီးသလဲပေါ့။ ကုန်သွယ်ရေးကရော ဘယ်လောက် သွင်းကုန်လိုင်စင် ပေးထားသလဲ ပေါ့။ အဲလိုသဘောမျိုး ရှိတာပေါ့။ တစ်ခုတော့ ရှိတာပေါ့။ တစ်ဖက်က သူတို့က transition ရှိထားပြီးသားလေ။ ဘယ်လောက် ရာခိုင်နှုန်း သွင်းလို့ရှိရင် ဘယ်လောက် ရောင်းပေးမယ်ဆိုတာ သူတို့မှာ system က ရှိပြီးသား။ အဲဒီ system က သပ်သပ်။ ဒီဘက်က အခုရောင်းပေးနေတာက သပ်သပ်ပေါ့။ ရောင်းတယ်ဆိုတဲ့ကိစ္စကို ခွဲထုတ်ဖို့က တော်တော်လေး ခက်တာပေါ့။ economy ထဲ ရောက်မရောက် ဒါလေးတော့ လေ့လာစေချင်တာ ပေါ့လေ။ ဒါက လောလောဆယ် အနေအထားမှာ လိုအပ်ပါတယ်။ တစ်ခုစဉ်းစားဖို့က ဘယ်လောက်ထိ ရောင်းနိုင်မှာလဲ။ ဒီအခြေ အနေက ဘယ်လောက်ကြာမှာလဲ” ဟု ပြောသည်။
ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ လဲလှယ်နှုန်း အဆမတန် မြင့်တက်လာပြီးနောက်ပိုင်း စက်သုံးဆီ၊ စားသုံးဆီ စသည့် သွင်းကုန်လုပ်ငန်းရှင်များ အဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်းကို နိုင်ငံခြား ငွေများ ဆက်တိုက် ထုတ်ရောင်းပေးခဲ့ခြင်း ဖြစ်သည်။
စက်သုံးဆီဆိုင်ကို တွေ့ရစဉ်
ဗဟိုဘဏ်၏ ဒေါ်လာထုတ်ရောင်းပေးမှုကြောင့် ပြည်တွင်းတွင် စက်သုံးဆီ အခက်အခဲ အနည်းငယ် ပြေလည်နေ ကြောင်း၊ သို့သော် ရေရှည်အတွက် ရောင်းချပေးနိုင်ရန် လိုအပ်ကြောင်း စီးပွားရေးဈေးကွက်လေ့လာသုံးသပ်သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုလောလောဆယ် တောက်လျှောက် ရောင်းပေးနေလို့ အခု ကျနော်တို့ ဆီပြဿနာ သိပ်မရှိတော့ဘူး လေ။ ဒါပေမယ့် တစ်ချက်ရှိတာက သူက တစ်ခါရောင်းပေးရင် နည်းနည်းပဲ ကဲ့ရောင်းနေတာ။ အဲဒါတော့ ပြော စရာရှိတယ်။ နောက်ထပ် ရောင်းပေးနိုင်ပါ့မလား ဆိုတာကတော့ တရုတ်ကို သွားတဲ့အခါမှာ ဟိုက ချေးငွေ ထုတ်ပေးမလားဆိုတာတော့ မပြောတတ်ဘူး။ ရောင်းပေးတာကလည်း ကောင်းပါတယ်။ ကောင်းတယ်ဆိုပေမယ့် ရေရှည် ဘယ်လောက်ထိ သွားနိုင်မလဲ။ နိုင်ငံရေးကလည်း တော်တော်နဲ့ ပြီးမယ့်ပုံ မပေါ်သေးဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ကို နောက်လ သွားဖို့ အစီအစဉ် ရှိတယ်။ အဲဒီကနေပြီးတော့ တရုတ်ဆီက ဘက်ပေါင်းစုံ ကနေ အကူအညီရမယ်လို့ မျှော်လင့်ထားတယ်။ တကယ်လို့ ရတယ်ဆိုရင်တော့ ဘယ်လိုဖြစ်မယ် မသိသေးဘူး။ အပြောင်းအလဲကတော့ ရှိအုံးမှာပါ။ ဗဟိုဘဏ် ဒေါ်လာရောင်းပေးတာကတော့ ကောင်းပါတယ်။ ဒါပေမယ့် ဈေးကတော့ နည်းနည်း တက်လာနေတယ်” ဟု ပြောသည်။
ဗဟိုဘဏ်က ဒေါ်လာများ ထုတ်ရောင်းပေးနေခြင်းကြောင့် လက်ရှိတွင် ပြည်တွင်းဒေါ်လာဈေးနှုန်းသည် တည်ငြိမ်နေပြီး တစ်ဒေါ်လာလျှင် ၄၆၀၀ ဝန်းကျင်တွင်သာ ရှိနေသည်။