CNI International News

ဘန်ကောက်၊ မေလ ၂၇

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) သည် မကြာသေးမီက ဗြိတိန်နှင့် မိုနာကိုသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များအတွင်း အဒေါ်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်လတ်(Yingluck Shinawatra) နှင့် တွေ့ဆုံခဲ့ခြင်းမရှိကြောင်း မေလ ၂၅ ရက်က ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ထို့ပြင် ပုဂ္ဂလိက အပန်းဖြေ အားလပ်ရက်အတွင်း သွားရောက်ခဲ့သည့် ထိုခရီးစဉ်များတွင် ပြည်သူ့ဘဏ္ဍာငွေကို အသုံးပြုခဲ့သည်ဆိုသည့် စွပ်စွဲချက်များကိုလည်း ငြင်းဆိုခဲ့သည်။

မကြာသေးမီက အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည့် ယင်လတ်နှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံသည် ဗြိတိန်နှင့် မိုနာကို ခရီးစဉ်များအတွင်း ရိုက်ကူးခဲ့သည့်ပုံ မဟုတ်ဘဲ ယခင်က ရိုက်ကူးထားသည့်  ပုံအဟောင်းဖြစ်သည်ဟု ပေတုန်တန်က ဘန်ကောက် (Bangkok) မြို့တော် ဒွန်မောင်း (Don Mueang) ရပ်ကွက်ရှိ တော်ဝင်ထိုင်းလေတပ် စခန်းတွင် ပြောကြားခဲ့သည်။

လူမှုမီဒီယာ အသုံးပြုသူများကမူ ထိုဓာတ်ပုံထဲတွင် ပေတုန်တန်၏ ဆံပင်ပုံစံသည် လက်ရှိဆံပင်ပုံစံနှင့် အတူတူ ဖြစ်ကြောင်း နှိုင်းယှဉ်ပြောကြား နေကြသော်လည်း ပေတုန်တန်ကမူ ထိုထင်ကြေးပေးမှုများသည် ရယ်စရာ ကောင်းကြောင်း ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ကို တွေ့ရစဉ်

“ဆံပင်ပုံစံတူတာနဲ့ပဲ အရာအားလုံးက အမှန်ပဲလို့ ပြောလို့ရပါ့မလား။ ကျမရဲ့ နှာခေါင်းကို ခွဲစိတ်ပြုပြင်မထားလို့ တော်သေးတာပေါ့။ တော်ကြာ လူတွေက နှာခေါင်းကိုကြည့်ပြီး သုံးသပ်ချက်တွေ ထုတ်ပြန်နေကြပါဦးမယ်” ဟု ပေတုန်တန်က ပြောကြားခဲ့သည်။

ယင်လတ်နှင့် တွေ့ဆုံခဲ့ခြင်း ရှိ၊မရှိ မေးမြန်းခံရချိန်တွင်လည်း ပေတုန်တန်က “ဟင့်အင်း ကျမတို့ မတွေ့ခဲ့ပါဘူး” ဟု ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရားရုံးက ယင်လတ်ကို ဆန်စပါး စီမံကိန်းနှင့်ပတ်သက်ပြီး ဒဏ်ငွေ ချမှတ်ခဲ့ပြီး နောက် ၎င်းတို့နှစ်ဦးကြား အဆက်အသွယ် ရှိခဲ့သည်ဟု ပေတုန်တန်က ပြောသည်။

“ဒီလိုအခြေအနေမျိုးမှာတော့ ကျမတို့ ဆွေးနွေးခဲ့ကြတာပေါ့။ ကျမတို့က တစ်ယောက်နဲ့တစ်ယောက် အားပေးကူညီကြတယ်လေ” ဟု ၎င်းက ဆိုသည်။

ဖခင်ဖြစ်သူ သက်ဆင်(Thaksin Shinawatra) သည် ပြည်ပသို့ ထွက်ခွာသွားခြင်း ရှိ၊မရှိ မေးမြန်းခံရချိန်တွင်လည်း ပေတုန်တန်က သက်ဆင်သည် ဘန်ကောက်မြို့တော်ရှိ Chan Song La စံအိမ်မှာပင် နေထိုင်နေဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Source: The Nation