CNI International News

ပဲရစ်၊ ဇူလိုင် ၃

မြေးဖြစ်သူ အသတ်ခံရမှုကြောင့် ပေါ်ပေါက်လာသော တစ်နိုင်ငံလုံးရှိ အကြမ်းဖက်မှုများကို အဆုံးသတ်စေလို သည်ဟု ပစ်သတ်ခံရသည့် ဆယ်ကျော်သက် လူငယ်၏အဖွားဖြစ်သူက ဇူလိုင် ၂ ရက်နေ့တွင် ပြောခဲ့ကြောင်း Reuters မှဖော်ပြခဲ့သည်။ 

ပဲရစ်မြို့ ဆင်ခြေဖုံးအရပ်တစ်ခုရှိ မီးပွိုင့်တွင် ရဲတပ်ဖွဲ့က ဆယ်ကျော်သက် လူငယ်ကို ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်ရပ်ကြောင့် ပြင်သစ်တွင် ဆူပူအုံကြွမှုများ ပေါ်ပေါက်လျက် ရှိသည်။ 

ကားများကို မီးရှို့ခြင်း၊ စတိုးဆိုင်များကို ဖောက်ခြင်း၊ မြို့တော်ခန်းမများနှင့် ရဲစခန်းများကို ပစ်မှတ်ထား တိုက်ခိုက် ခြင်းတို့ လုပ်ဆောင်နေသည့် ဆူပူအုံကြွသူများကို တားဆီးရန် ဇူလိုင် ၂ ရက်နေ့ညတွင် ရဲတပ်ဖွဲ့ဝင် အင်အား ၄၅၀၀၀ ခန့်ကို ဖြန့်ကျက်ထားသည်ဟု ပြည်ထဲရေးဝန်ကြီး ဂျာရဲလ် ဒါမာနီ (Gerald Darmnin)က ပြောသည်။

ပဲရစ်မြို့ ဆင်ခြေဖုံးအရပ်တစ်ခု၏ မြို့တော်ဝန် နေအိမ်တစ်ခုလည်း တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ 

နိုင်ငံတွင်းရှိ ပဋိပက္ခများကို ဖြေရှင်းရန်အတွက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်(Emmanuel Macron) က သူ၏ ဂျာမနီခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။ 

မက်ခရွန်သည် ဇူလိုင် ၃ ရက်နေ့တွင် လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားသလို ဇူလိုင် ၄ ရက် နေ့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် မြို့များမှ မြို့တော်ဝန်များနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။ 

သတ်ခံရတဲ့ နာဟဲလ်ရဲ့အဖွား Nadia ကို တွေ့ရစဉ်

ပစ်သတ်ခံခဲ့ရသော နာဟဲလ် (Nahel) ၏ ဈာပနကို ဇူလိုင် ၁ ရက်နေ့တွင် ပဲရစ်မြို့၏ နန်တာရီအရပ်တွင် ကျင်းပ ခဲ့ပြီး ထိုနေ့ညမှာပဲ ဖမ်းဆီးမှု ၇၁၉ ခု ပြုလုပ်ခဲ့ရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။ 

ဖမ်းဆီးမှုများ လျော့ကျလာသည့်တိုင် ပဋိပက္ခသည် ပြီးဆုံးသွားပြီဟု ပြောရန်စောသေးကြောင်း ပြင်သစ် အရာရှိ များက ပြောသည်။

ထိခိုက်ဆုံးရှုံးမှုများ သိသိသာသာ လျော့ကျလာသည့်တိုင် လာမည့်ရက်များအတွက် အဆင်သင့် ပြင်ထားကြောင်း၊ မည်သည့်ဘက်ကမှ အနိုင်ရရှိသည်ဟု သတ်မှတ်၍ မရနိုင်သေးကြောင်း ပဲရစ်ရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။ 

အသတ်ခံရသူ နာဟဲလ်၏အဖွားဖြစ်သူကို နာဒီယာ (Nadia) ဟု ပြင်သစ်မီဒီယာများတွင် ဖော်ပြထားသူက  ဆူပူ အုံကြွသူများသည် မြေးဖြစ်သူ၏ သေဆုံးမှုကိုအသုံးချကာ နိုင်ငံတွင်း အကြမ်းဖက်မှုများကို လုပ်ဆောင်နေ ကြောင်း၊ မိသားစုဝင်များအနေဖြင့် တည်ငြိမ်မှုကိုသာ လိုလားကြောင်း ပြောသည်။ 

နာဟဲလ်သတ်ခံရမှုအတွက် တောင်းဆိုနေစဉ်

ထိုလုပ်ရပ်များကို ရပ်တန့်ရန် တောင်းဆိုသည်ဟုလည်း နာဒီယာက BFM TV သို့ ပြောခဲ့သည်။ 

နာဟဲလ်သည် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း၊ သမီးဖြစ်သူသည် ဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရပြီဖြစ်ကြောင်း၊ မည်သူမှ အသက် ပြန်ရှင်လာမည် မဟုတ်ကြောင်းလည်း သူမက ပြောခဲ့သည်။ 

ပစ်ခတ်မှုကြောင့် လူသတ်မှုဖြင့် တရားစွဲခံထားရသည့် ရဲတပ်ဖွဲ့ဝင်အတွက် ရံပုံငွေ ယူရို ၆၇၀,၀၀၀ ကျော် ရရှိနေမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင်လည်း နှလုံးသားတစ်ခုလုံး ဆို့နင့်ကြေကွဲရသည်ဟု သူမက ပြောသည်။

Source: ရိုက်တာ