CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃

ရခိုင်လူမျိုးအချင်းချင်း သတ်ဖြတ်နေမှုသည် ရခိုင်ပြည်အတွက် ဆုတ်ယုတ်စေကြောင်း ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP)၏ အတွင်းရေးမှူးအဖွဲ့ဝင် ဗိုလ်မှူးခိုင်သူရိန်က CNI သတင်းဌာနသို့ ပြောသည်။

မိမိတို့ ရခိုင်လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်နက်ကိုင်ခဲ့ကြကြောင်း၊ ရခိုင်လက်နက်ကိုင် အချင်းချင်း မသင့်မြတ်မှုက ရခိုင်လူမျိုးများကို ဆုံးရှုံးနစ်နာစေကြောင်း ၎င်းက‌ ပြောသည်။

ဗိုလ်မှူးခိုင်သူရိန်က “ရခိုင်လူမျိုးတွေအတွက်တော့ ဆုံးရှုံးနစ်နာမှု အကြီးဆုံးပေါ့ဗျာ၊ ဘာလို့ဆိုတော့ ကျနော်တို့ ရခိုင်တွေက လက်နက်ကိုင်ခဲ့ကြတဲ့ ရည်ရွယ်ချက်တွေ ကိုယ်စီရှိတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့က ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ ရခိုင်လူမျိုးတွေကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ ဒီရည်ရွယ်ချက်ကောင်းတွေနဲ့ ကျနော် တို့က လက်နက်ကိုင်ပြီး တော်လှန်ခဲ့ကြတာ၊ လက်နက်ကိုင် တော်လှန်တယ်ဆိုတာ အချိန်မရွေး သေတတ်တယ်၊ ဒါပေမဲ့ ကျနော်တို့က ဒီလိုမျိုး အသက်ကိုရင်းပြီးတော့  ကျနော်တို့က ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးကို ကိုယ်စားပြု ပြီးတော့ လက်နက်ကိုင်ခဲ့ကြတာ ဖြစ်တယ်၊ အခုကြ‌တော့ ကျနော်တို့ ရခိုင်အချင်းချင်း သတ်ဖြတ်နေကြတယ်ဆို တာ ရခိုင်ပြည်အတွက် ဘယ်လောက် ဆုတ်ယုတ် စေသလဲဆိုတာ စဉ်းစားတတ်တဲ့ လူတိုင်းသိပါတယ်” ဟု ပြော သည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်ခုကိုတွေ့ရစဉ်

ALP ဒုဥက္ကဋ္ဌ ခိုင်နီရောင်၊ အမှတ်(၁၀၁)တပ်ရင်းမှ တပ်ရင်းမှူးခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ ၃ ဦး ကို ဇူလိုင် ၁ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စစ်တွေတက္ကသိုလ် ကျောင်းရှေ့အရောက်မှာ ရက္ခိုင့်တပ်တော် (AA) က လုပ်ကြံပစ်ခတ် သတ်ဖြတ်သွားကြောင်း ALP မှ ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ALP ပါတီဝင်များကို လုပ်ကြံသတ်ဖြတ်သည်ဟု ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး AA ၏ ပြောဆိုချက်အား သိရှိနိုင်ရန် AA ထံ CNI က ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ထို့နောက် ရခိုင်နိုင်ငံရေးသမားများ၊ ရခိုင်ပါတီများ၊ ရခိုင်အရပ်ဖက်အဖွဲ့အစည်းများကို ဖုန်းဆက်၍ မေးမြန်းသော် လည်း တစ်စုံတစ်ရာ မှတ်ချက် မပေးလိုကြောင်း ပြောကြားခဲ့သည်။

မိမိတို့ ALP သည် လက်ရှိအချိန်တွင် ငြိမ်းချမ်းရေး လမ်းကြောင်းဖြင့် သွားနေကြောင်း၊ AA ကမူ လက်နက်ကိုင် လမ်းစဉ်ဖြင့် သွားနေကြောင်း၊ ထို့ကြောင့် မိမိတို့ အချင်းချင်းအကြား ဘာပြဿနာမှ ဖြစ်စရာမရှိကြောင်း ဗိုလ်မှူး ခိုင်သူရိန်က ပြောသည်။

ရခိုင်ပြည်နယ်ကိုတွေ့ရစဉ်

၎င်းက “ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေတော့ အများကြီးရှိတယ်၊ ဒါပေမဲ့ ကျနော်တို့ဖက်က လူတွေ သွေးမြေကျတဲ့ အပေါ်မှာ သူတို့ဖက်က ကျနော်တို့ကို ဘယ်လို ပြန်ပြီးဖြေရှင်းပေးမလဲ ကျေနပ်အောင် ဒါကို ကျနော်တို့ မေးခွန်း ထုတ်စရာ ဖြစ်လာပြီ။ ဘာလို့ဆိုတော့ သူတို့လည်း ရခိုင်လူမျိုး၊ ကျနော်တို့လည်း ရခိုင်လူမျိုး AA က သတ်လို့၊ ALP သေရင်လည်း ရခိုင်တစ်ယောက်သေတာပဲလေ၊ ALP က သတ်လို့ AA တစ်ယောက် သေရင်လည်း ရခိုင် တစ်ယောက် သေတာပဲ ဒါကို သူတို့ သိထားဖို့လိုတယ်၊ ဘယ်လိုပဲလုပ်လုပ် ဘယ်ဖက်လက်နဲ့ ညာဖက်လက် ဓါး တစ်ချောင်းစီကိုင်ပြီး ခုတ်နေတယ်လို့ပဲ ကျနော်က ဥပမာပေးချင်တယ်၊ ထိမှာသည် ရခိုင်လူမျိုးပဲထိမှာ အဲဒီတော့ စဉ်းစားပါ၊ ဆင်ခြင်ပါ၊ သူတို့မှာလည်း ခေါင်းဆောင်ပိုင်းတွေမှာ ဦးနှောက်ရှိတဲ့လူတွေ ရှိပါတယ်။ အဲဒီတော့ ကိုယ့် လူ ကိုယ်ထိန်းပါ။ ပြီးတော့ ဒီဖြစ်စဉ်တွေအတွက် သူတို့ ဖြေရှင်းဖို့အတွက် စဉ်းစားထားပါ ဒါပဲ ကျနော်ပြောချင် တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ကလည်း  ALP ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ အပါအဝင် အမှတ် (၁၀၁)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီးခိုင်သူရိန္ဒတို့ကို AA က လုပ်ကြံသတ်ဖြတ် သွားခဲ့ သည်ဟု ALP က ထုတ်ပြန်ခဲ့သည်။

ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့သည် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်း များဖြစ်ပြီး ALP သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသော အဖွဲ့ဖြစ်ကာ AA ကမူ မထိုးနိုင်သေးဘဲ ညှိနှိုင်းမှုများ ရှိနေသည့် အဖွဲ့ဖြစ်သည်။