CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၈

ရခိုင်လူထုကို ကိုယ်စားပြု၍ လှုပ်ရှားနေသည့် ရခိုင်လက်နက်ကိုင်များအနက် နောက်ဆုံးတွင် လူထုထောက်ခံ သည့် အဖွဲ့အစည်းက ရှင်သန်ကျန်ရစ်နေမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားကွန်ယက်မှ ဥက္ကဋ္ဌ ဦးတင်ထူးအောင်က CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် လူထုအတွက် အလုပ်လုပ်ရခြင်းဖြစ်ကြောင်း၊ ပကတိ အရှိတရားအရ လူထုထောက်ခံသည့် အဖွဲ့အစည်းက အသာရလေ့ရှိကြောင်း ၎င်းက ပြောသည်။

ဦးတင်ထူးအောင်က “လက်နက်ကိုင် အဖွဲ့အစည်းဆိုတာကတော့ လူထုထောက်ခံမှု ရရတယ်၊ လူထုနဲ့ အနီးစပ်ဆုံး ပေါ့နော်၊ လူထုကို ဦးတည်ထားတဲ့ လူထုတပ်မတော်ဖြစ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းကတော့ နောက်ဆုံးမှာ တော့ ရှင်သန်ကျန်ရစ်မှာပဲ ဒါကတော့ ဒါရှေ့က အစဉ်အလာတွေကရော လက်ရှိ ဖြစ်ပျက်မှုတွေအရရော အနာဂတ်မှာ ဖြစ်တည်လာမယ့် အနေအထား အရရောပေါ့နော် ကျနော်တို့ကတော့ ဒီလိုမြင်တယ်၊ ဘယ်သူက လူထုအတွက် အလုပ်လုပ်ပြီးတော့ လူထုထောက်ခံမှု ပိုရသလဲ ဆိုတဲ့အချက်ကတော့ အချက်ကတော့ သူ့ရဲ့ ရှင်သန်မှုအပေါ် မူတည်လိမ့်မယ် ဒါက တစ်ချက်ပေါ့နော်၊ နောက်ပြီးတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော် ခုနက ပြောသလိုပဲပေါ့နော် အဓိက လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းရဲ့ ပဋိပက္ခမှသည် လူထုပဋိပက္ခဆီသို့ ဆိုတဲ့ဟာ ဖြစ်မသွားဖို့ အရေးကြီးတယ်ပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ရက္ခိုင့်တပ်တော် (ULA/AA)၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)နှင့် ရခိုင်အမျိုးသားကောင်စီ (ANC/AA) တို့ လှုပ်ရှားလျက်ရှိသည်။ 

၂၀၁၆ ခုနှစ်က  KIA ဒုတိယဌာနချုပ် မိုင်ယန်ဂျာမှာ ALP မှ ဒေါ်စောမြရာဇာလင်းနဲ့ ကိုယ်စားလှယ် အဖွဲ့ကို တွေ့ရစဉ်

သို့သော် ALP နှင့် ULA/AA တို့သည် ရခိုင်ပြည်နယ်တွင် လှုပ်ရှားမှုများ ရှိနေပြီး မိုခါမုန်တိုင်းအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ကူညီမှုများလည်း ရှိနေသည်။ 

ထိုသို့ မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရာမှာလည်း ALP နှင့် AA ကြား လူထု စည်းရုံးမှု ပိုမိုရရှိရေး အားပြိုင်နေကြသည်။

ထို့နောက် ပြီးခဲ့သည့် ဇူလိုင်လ အစောပိုင်းက ALP ဒုဥက္ကဋ္ဌ ခိုင်နီရောင်၊ အမှတ်(၁၀၁) တပ်ရင်းမှူးနှင့် ရဲဘော် တစ်ဦး ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ လုပ်ကြံခံရပြီးနောက် အပြန်အလှန် စွပ်စွဲမှုများဖြစ်လာကာ နှစ်ဖက် အဖွဲ့အစည်းကြား မသင့်မြတ်မှု ကြီးမားလာခဲ့သည်။

ရခိုင်ဒေသခံတစ်ဦးက “ထောက်ခံမှုတွေကတော့ ULA/AA ကတော့ ဒီဖက်မှာကတော့ လိုက်ကြည့်မှုတွေ၊ ထောက်ပံ့မှုတွေများတာတွေ နောက်ရခိုင်လူထုရဲ့ ခံစားချက်ထဲမှာတော့ ALP နဲ့ ULA/AA အပေါ်မှာတော့ ULA/AA အပေါ်မှာပဲ ယုံကြည်မှုနဲ့ ထောက်ခံချက်တွေ များနေတာတော့ တွေ့နေရတယ်၊ လူထုအ‌ပေါ်မှာတော့ သူတို့ လုပ် ဆောင်နိုင် မှုတွေလည်း ပါတယ်။ နောက်ပြီးတော့ သူတို့ ရခိုင်လူထုအပေါ်မှာ သိတတ်နေမှုတွေပါတယ်၊ လုပ် ဆောင်နိုင်မှုတွေ ပါတယ်။ ALP အနေနဲ့ကတော့ မြို့ပေါ်တွေမှာတော့ ကျနော်တို့ ကြားမိတာတော့ ရှိတယ်၊ ကျေး လက်တွေမှာတော့ လှုပ်ရှားမှုတွေတော့ ဘာမှ မရှိဘူး။ နောက်ပြီးတော့ ယုံကြည်ချက်ကတော့ လူထုများများက တော့ ULA/AA အပေါ်မှာ ယုံကြည်မှု များနေတာတော့ တွေ့ရတယ်” ဟု ပြောသည်။

၂၀၁၆ ခုနှစ်က  KIA ဒုတိယဌာနချုပ် မိုင်ယန်ဂျာမှာ AA နဲ့ ALP ခေါင်းဆောင်များကို တွေ့ရစဉ်

ရခိုင်လူထုများအနေဖြင့် အားကိုးအားထိုက်လောက်သည့် လက်နက်ကိုင်တပ်ဖွဲ့ကို လိုချင်ကြကြောင်း၊ လက်ရှိတွင် ပေးဆပ်မှုများနေသည့် ULA/AA အား ရခိုင်လူထုက အားသာချက် ပိုများနေကြောင်း ၎င်းက ပြောသည်။

ALP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားပြီး ULA/AA နှင့် ANC/AA တို့သည့် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။