CNI International News

ဝါရှင်တန်၊ ဇူလိုင် ၈

ရုရှား ဂျက်တိုက်လေယာဉ်များသည် ဆီးရီးယားနိုင်ငံပေါ်တွင် လှုပ်ရှားနေသည့် US MQ-9 ရီပါဒရုန်းများနှင့် အန္တရာယ်ရှိလောက်အောင် နီးကပ်စွာ ပျံသန်းသွားခဲ့သောကြောင့် အရေးပေါ် အလင်းများ ထွက်ပေါ်လာကာ ဝါရှင်တန်၏ လူမဲ့ဒရုန်းယာဉ်များမှာလည်း အရေးပေါ် ရှောင်ကွင်းခဲ့ရသည်ဟု အမေရိကန်ပြည်ထောင်စုလေတပ် က ထုတ်ပြန်ခဲ့သည်။

ယင်းမှာ ၂၄ နာရီအတွင်း ဒုတိယအကြိမ်မြောက် နှောင့်ယှက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ပြင်သစ်စစ်တပ်က အီရတ်-ဆီးရီးယား နယ်စပ်ပေါ် ကင်းလှည့်နေသည့် ၎င်း၏ ဂျက်တိုက်လေယာဉ် ၂ စင်းမှာ လည်း ရုရှား ဆူခွိုင် (Sukhoi) SU-35 တိုက်လေယာဉ်နှင့် အလားတူ ဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရာ ထိခိုက်မှု မဖြစ် အောင် ထိန်းချုပ်သည့် စနစ်များကို အရေးပေါ် အသုံးပြုခဲ့ရကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အမေရိကန်လေတပ်၏ ယခုကန့်ကွက်မှု ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။

အမေရိကန်ရဲ့ ရီပါဒရုန်းကိုတွေ့ရစဉ်

အီရတ်နှင့် ဆီးရီးယားတွင် အိုင်အက်စ် (ISIS)စစ်သွေးကြွများကို ထိန်းချုပ်ရန် ကြိုးစားသည့် စစ်ဆင်ရေး၏ အစိတ် အပိုင်းအနေဖြင့် ဒေသအပေါ် ဖြန့်ချထားသော ပြင်သစ်လေယာဉ်များအပေါ် ရုရှားလေယာဉ်၏ လုပ်ရပ်မှာ ပရော်ဖက်ရှင်နယ် မဆန်ကြောင်း ပြင်သစ်စစ်တပ်က ပြောသည်။ 

ဇူလိုင် ၅ ရက်နှင့် ၆ ရက်နေ့များတွင် ဖြစ်ပွားခဲ့သည့် သီးခြားဖြစ်ရပ်နှစ်ခု၌ ရုရှားစစ်လေယာဉ်များနှင့် ရီပါဒရုန်းများ အခင်းဖြစ်ပွားပုံကို ဗွီဒီယိုရိုက်ထားသည်ဟု အမေရိကန်က ပြောသည်။ 

“ဒီဖြစ်ရပ်တွေအရ ဆီးရီးယားမှာ လှုပ်ရှားနေကြတဲ့ ရုရှားလေတပ်တွေရဲ့ ပရိုမဆန်၊ အန္တရာယ်များတဲ့ လုပ်ရပ်ဟာ တစ်ဆင့် တက်လာတာပါပဲ” ဟု အမေရိကန်စစ်တပ်က ပြောသည်။ 

“ဆီးရီးယားက ရုရှားတပ်တွေကို ရမ်းရမ်းကားကား အပြုအမူတွေကို ရပ်တန်းက ရပ်ဖို့၊ အဆင့်အတန်းမီ လေတပ် တွေ လိုက်နာရမယ့် ကျင့်ဝတ်စံနှုန်းတွေကို လိုက်နာဖို့ တိုက်တွန်းပါတယ်။ ဒါမှသာ အိုင်အက်စ်တွေကို ခြေမှုန်းရေး အာရုံစိုက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်”ဟု အမေရိကန်လေတပ်ဗဟိုမှ ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇပ် ဂရင့်ခဝစ် (Alexus Grynkewich)က သတင်းထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားခဲ့သည်။ 

ဇူလိုင် ၅ ရက်နေ့က ဆီးရီးယား အနောက်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပထမဖြစ်ရပ်တွင် ရုရှား ဆူခွိုင် Su-35 တိုက်လေယာဉ်များက ရီပါဒရုန်းတစ်စီးနားကို ကပ်လာပြီး အဆိုပါဒရုန်း၏ ရှေ့မှာပဲ အိပ်ဇောကို ဖွင့်၍ အရှိန်ကို  မြှင့်ကာ လေဖိအားကို တိုးလိုက်သည်။ 

ရုရှားရဲ့ SU-35 တိုက်လေယာဉ်ကိုတွေ့ရစဉ်

ဂျက်တိုက်လေယာဉ် အိပ်ဇောက ပန်းထုတ်လိုက်သည့် အရာများသည် ရီပါ၏ လျှပ်စစ်ပိုင်းကို ပျက်စီးစေနိုင်သလို၊ ထိန်းချုပ်သူ၏ အန္တရာယ်ကင်းကင်း မောင်းနှင်နိုင်စွမ်းကိုလည်း ကျဆင်းစေသည်ဟု ဂရင့်ခဝစ်က ပြောကြားခဲ့ သည်။ 

ဆီးရီးယား အနောက်မြောက်ပိုင်းမှာပဲ ဇူလိုင် ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဒုတိယဖြစ်ရပ်တွင်မူ ရုရှားတိုက် လေယာဉ်က ဒရုန်းများ၏ ရှေ့တွင် မီးများပန်းထုတ်ပြီး အန္တရာယ်ရှိလောက်အောင် နီးကပ်စွာ ပျံသန်းသွားခဲ့၍ လေယာဉ်အားလုံးအတွက် အန္တရာယ်ရှိသည်ဟု ဂရင့်ခဝစ်က ထပ်လောင်း ပြောကြားခဲ့သည်။ 

ထိုဖြစ်ရပ်များမှာ ပါဝင်သည့် ရီပါဒရုန်းများမှာ လက်နက် တပ်ဆင်ထားခြင်း မရှိဘဲ၊ ကင်းထောက် လှုပ်ရှားမှု အတွက် အသုံးပြုရန်သာ ဖြစ်သည်။ 

ယခုနှစ်အစောပိုင်းက ပင်လယ်နက်ပေါ်မှာ လှုပ်ရှားနေသည့် ထောက်လှမ်းရေး နည်းပညာများ တပ်ဆင်ထားသော ကန်ဒေါ်လာ သန်း ၃၀ ကျော်တန် ရီပါဒရုန်းတစ်စင်း ပစ်ချခံရမှုတွင် ရုရှား ဂျက်တိုက်လေယာဉ်များ၏ လက်ချက် ဖြစ်သည်ဟု အမေရိကန်က ပြောကြားခဲ့သောကြောင့် နှစ်နိုင်ငံကြား သံတမန်ရေး အငြင်းပွားမှု ဖြစ်ပွားလာခဲ့သည်။ 

မတ်လတွင် မော်စကိုက ဒရုန်းပစ်ချခံရမှုတွင် သူ့တိုက်လေယာဉ်များ၏ လက်ချက် မဟုတ်ကြောင်း ငြင်းဆန်ခဲ့ သော်လည်း အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည့် ဗွီဒီယိုထဲတွင်မူ ဒရုန်း၏ ပျံသန်းလမ်းကြောင်းတွင် ရုရှား လေယာဉ်များ နှောင့်ယှက်နေသည်ကို မြင်နေရသည်ဟု ဆိုပါသည်။

Source:  အယ်ဂျာဇီးလ်ယား