CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဒုဥက္ကဋ္ဌ ခိုင်နီရောင် အပါအဝင် ၃ ဦးကို ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ လုပ်ကြံပစ်ခတ် သတ်ဖြတ်သွားကြောင်း ALP မှ ထုတ်ပြန် ကြေညာခဲ့သည်။

ALP ဒုဥက္ကဋ္ဌ ခိုင်နီရောင်၊ အမှတ်(၁၀၁)တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ ၃ ဦးကို ဇူလိုင် ၁ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စစ်တွေတက္ကသိုလ် ကျောင်းရှေ့အရောက်မှာ AA က ပစ်ခတ် လုပ်ကြံ သတ်ဖြတ်သွားကြောင်း ALP မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ၃ ဦးသည် ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၏ နေအိမ်မှာ မိုခါမုန်တိုင်းကယ်ဆယ်ရေးကိစ္စများအတွက် အစည်းအဝေးလုပ်ပြီး အပြန်မှာ လုပ်ကြံခံရခြင်း ဖြစ်သည်ဟု ALP က ပြောသည်။

ရခိုင်ပြည်နယ်၊ ရခိုင်လူမျိုးများအတွက် လက်နက်ကိုင်ခဲ့ကြသော အဖွဲ့အစည်းများ အချင်းချင်း ကြားတွင် AA မှ စဉ်ဆက်မပြတ် ပြုမူခဲ့သော ဤအပြုအမူမျိုးသည် အလွန်ယုတ်ညံ့သည့် မလုပ်သင့်  မလုပ်အပ်သော အပြုအမူဖြစ်သည်ဟု မိမိတို့မှ ပြင်းထန်စွာ ရှုတ်ချပါသည်ဟု ALP က ထုတ်ပြန်ခဲ့သည်။