CNI International News

ဘန်ကောက်၊ ဇူလိုင် ၃

ဖြူးထိုင်းပါတီ (Phue Thai)နှင့် အစိုးရတစ်ရပ်ဖွဲ့စည်းရေး လျှို့ဝှက်သဘောတူညီချက် ရရှိထားသည်ဆိုခြင်းကို Palang Pracharath ပါတီဥက္ကဋ္ဌ လက်ရှိထိုင်းအစိုးရ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝပ် ဝေါင်ဆူဝန် (Prawit Wongsuwan)က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။

ထို့နောက် ထိုပြောစကားများသည် ခန့်မှန်းချက်များသာ ဖြစ်သည်ဟု တုံ့ပြန်ခဲ့ကြောင်း Thai PBS သတင်းတွင် ဖော်ပြထားသည်။ 

ထိုသတင်းကို မီဒီယာများက ဖွခဲ့ခြင်းဖြစ်သည်ဟု ပရာဝပ်က ပြောသည်။

ထို့နောက် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အမတ် အရေအတွက် အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီကသာလျှင် အစိုးရဖွဲ့ရန် အခွင့်အရေး ရှိသင့်သည်ဟုလည်း ၎င်းက ပြောသည်။ 

 ဖြူးထိုင်းပါတီကိုတွေ့ရစဉ်

သို့သော် Palang Pracharath ပါတီအနေဖြင့် Move Forward ပါတီ၏ ညွန့်ပေါင်းပါတီ ရှစ်ခုတွင် မပါဝင်သော တခြားသော ပါတီများနှင့် လက်တွဲထားမှု ရှိ/မရှိ မေးမြန်းမှုကိုတော့ ပရာဝပ်က ပြန်လည် ဖြေဆိုခဲ့ခြင်း မရှိပေ။

လက်ရှိအစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်နေသော ဗိုလ်ချုပ်ကြီး ပရာဝပ်က ၎င်းတို့ပါတီ အနေဖြင့် လွှတ်တော်ဥက္ကဋ္ဌသစ်နှင့် လက်ထောက်နှစ်ဦးကို ရွေးချယ်မည့် ဇူလိုင် ၄ ရက်နေ့ မဲပေးမှုတွင် မည်သို့ မဲပေးရမည်လဲ မဆုံးဖြတ်ရသေးဟု ပြောသည်။ 

Move Forward ပါတီနဲ့ မဟာမိတ်အဖွဲ့ကိုတွေ့ရစဉ်

၎င်းတို့အနေဖြင့် မည်သူမည်ဝါအား မဲပေးမည်ဟု မရွေးချယ်ခင် လွှတ်တော်ဥက္ကဋ္ဌရာထူးအတွက် မည်သည့် ကိုယ်စားလှယ်များ ရွေးချယ်ခံရသည်ကို ရှင်းရှင်းလင်းလင်း သိရှိဖို့ စောင့်ဆိုင်းသွားမည်ဟုလည်း ပြောသည်။ 

အမျိုးသားမဟာဗျူဟာကော်မတီ၏ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Prayut han-o-cha) နှင့် တွေ့ဆုံခဲ့ခြင်း ရှိ/မရှိ မေးမြန်းမှုကိုလည်း ၎င်းက ပြန်လည် ဖြေကြားရန် ငြင်းဆိုခဲ့သည်။

Source: Thai PBS