CNI International News

နယူးဒေလီ၊ စက်တင်ဘာ ၂၀

ကနေဒါနိုင်ငံသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေခြင်းကြောင့်  အိန္ဒိယနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကို အိန္ဒိယက စက်တင်ဘာ ၁၉ ရက်နေ့က နိုင်ငံအတွင်းကနေ နှင်ထုတ်လိုက်ကြောင်း အေပီမှ ရေးသားဖော်ပြခဲ့သည်။

ကနေဒါနိုင်ငံတွင် ဆစ်ခ် (Sikh) ဘာသာဝင် တက်ကြွလှုပ်ရှားသူတစ်ဦး သတ်ဖြတ်ခံရနှင့် ပတ်သက်၍  အိန္ဒိယ အစိုးရ ပါဝင်ပတ်သက်ခဲ့သည်ဟု ကနေဒါအစိုးရက စွပ်စွဲခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုများ မြင့်တက် နေသည်။

ထိုသို့ နိုင်ငံနှစ် ဆက်ဆံရေး တင်းမာမှု မြင့်တက်နေချိန်တွင် အိန္ဒိယက ကနေဒါ သံတမန်တစ်ဦးကို နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ကနေဒါနိုင်ငံ၊ ဗြိတိသျှ ကိုလံဘီယာ (British Columbia) ပြည်နယ်၊ ဆာရေး (Surrey) မြို့ရှိ ဆစ်ခ်ယဉ်ကျေးမှု စင်တာ (Sikh cultural center) အပြင်ဘက်တွင် ဇွန်လ ၁၈ ရက်က ဆစ်ခ်ဘာသာဝင် တက်ကြွလှုပ်ရှားသူ ဟာဒိပ် ဆင်း နစ်ဂျာ (Hardeep Singh Nijjar) သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး လုပ်ကြံသတ်ဖြတ် ခံခဲ့ရသည်။

ထိုလုပ်ကြံ သတ်ဖြတ်မှုဖြစ်စဉ်သည် အိန္ဒိယအစိုးရနှင့် ဆက်နွှယ်နေသည်ဆိုသော စွပ်စွဲချက်များရှိခဲ့သည်ဟု ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုး (Justin Trudeau) က ပြောကြားခဲ့သည်။

သတ်ခံရသော ဟာဒိပ်ဆင်းနစ်ဂျာကို တွေ့ရစဉ်

ထို့နောက် အိန္ဒိယထိပ်သီး သံတမန်ကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ပြီး ရက်ပိုင်းအကြာတွင် အိန္ဒိကလည်း ကနေဒါ သံတမန်ကို နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယကမူ ကနေဒါ၏ စွပ်စွဲချက်များကို အခြေအမြစ် မရှိဟုဆိုကာ ငြင်းပယ်ခဲ့သည်။

အိန္ဒိယတွင် ၁၉၈၄ ခုနှစ်က ဝန်ကြီးချုပ် အင်ဒီယာ ဂန္ဓီ (Indira Gandhi) ကို ၎င်း၏ ဆစ်ခ်ဘာသာဝင် သက်တော် စောင့်များက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် နိုင်ငံအတွင်း ဆစ်ခ် ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ၁၉၈၀ ပြည့်နှစ်ကျော် ကာလများကတည်းက အိန္ဒိယသည် ခါလစ္စတန် (Khalistan) ဟု လူသိများသည့် လွတ်လပ် သော ဆစ်ခ်အမိမြေ ထူထောင်ရေး လှုပ်ရှားမှုကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။

နစ်ဂျာသည် အိန္ဒိယရှိ ဟိန္ဒူဘုန်းတော်ကြီးတစ်ပါးကို တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရ ပြီး အိန္ဒိယအစိုးရက ၎င်းအား ဖမ်းဆီးရန် အလိုရှိနေသည်။ 

ခါလစ္စတန် (Khalistan)အလံကို လွှင့်ထူထားစဉ်

နစ်ဂျာကို ဖမ်းဆီးရမိရန် သတင်းပေးသူကို ဆုငွေချီးမြှင့်မည်ဟုလည်း ကြေညာခဲ့သည်။

နစ်ဂျာသည် ၎င်းသေဆုံးချိန်က အိန္ဒိယလက်အောက်မှ ဆစ်ခ် လွတ်လပ်ရေးနှင့် ပတ်သက်ပြီး တရားမဝင်သည့် ဆန္ဒခံယူပွဲကို စီစဉ်ကျင်းပနေချိန် ဖြစ်သည်။

နစ်ဂျာသည် သေနတ်ဖြင့် ပစ်ခတ်မခံရချိန်က ကနေဒါ ထောက်လှမ်းရေး အရာရှိများက နစ်ဂျာကို လုပ်ကြံ သတ်ဖြတ်ခံရနိုင်ကြောင်း သတိပေးခဲ့ဖူးသည်ဟု ဆစ်

ခ် တရားမျှတရေး (Sikhs For Justice) အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ရှေ့နေ ဂူရာပတ်ဝန့် ဆင်း ပန်နန် (Gurpatwant Singh Pannun) က ပြောကြားခဲ့သည်။

ကနေဒါဝန်ကြီးချုပ် ထရူဒိုးကမူ ကနေဒါ ထောက်လှမ်းရေး အေဂျင်စီများသည် ကနေဒါနိုင်ငံသား တစ်ဦးဖြစ်သည့် နစ်ဂျာ လုပ်ကြံသတ်ဖြတ်ခံရမှုတွင် အိန္ဒိယအစိုးရ၏ ထောက်လှမ်းရေး အေးဂျင့်များ ပါဝင်ပတ်သက်နေသည်ဆို သည့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးနေသည်ဟု စက်တင်ဘာ ၁၆ ရက်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

Source: အေပီ