CNI International News

နယူးယောက်၊ စက်တင်ဘာ ၁၉

အမေရိကန်စစ်တပ်သည် အင်ဒို-ပစိဖိတ် ဒေသတစ်လျှောက် အသေးစား ထောက်ပို့သင်္ဘောများဖြင့် လက်နက် များ၊ စစ်မှုထမ်းများနှင့် အခြား ထောက်ပံ့မှုများကို ဖြန့်ချိရန် ဂျပန်၊ သြစတြေးလျနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက် မှုများကို မြှင့်တင်ရန် လုပ်ဆောင်နေသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။         

ဂျပန်နှင့်အမေရိကန်အကြား စက်တင်ဘာလလယ်ပိုင်းမှ စက်တင်ဘာ ၂၃ ရက်အထိ ပြုလုပ်နေသည့် Orient Shield ပူးတွဲစစ်ရေး လေ့ကျင့်မှုများအတွက် ထောက်ပို့လုပ်ငန်းသည် အဓိက အာရုံစိုက် လုပ်ဆောင်မှုတစ်ခု ဖြစ်သည်။

အမေရိကန်ကျည်းတပ်၏ ရေကြောင်းတပ်ဖွဲ့ (U.S. Army watercraft unit) နှင့် ဂျပန်၏ မြေပြင် ကာကွယ်ရေး တပ်ဖွဲ့ (Ground Self-Defense Forces) တို့သည်ပထမဆုံးအကြိမ်အဖြစ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေသည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အမေရိကန်- ဩစတြေးလျ- ဂျပန် စစ်ရေးပူးတွဲ လေ့ကျင့်နေကြစဉ်

ထိုစစ်ရေးလေ့ကျင့်မှုများတွင် ဂျပန်၏ အိုကီနာဝါ (Okinawa) ကျွန်းနှင့် အခြားနေရာများတွင် ထောက်ပို့ပစ္စည်း များကို အတင်-အချနှင့် သယ်ယူပို့ဆောင်မှု လေ့ကျင့်ခန်းများလည်း ပါဝင်သည်ဟု ဆိုသည်။ 

ကမ်းတက်သင်္ဘော (Landing craft) များသည် ထောက်ပို့လုပ်ငန်းစဉ်တွင် အလွန်အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ပြီး ထောက်ပံ့ရေးပစ္စည်းများနှင့် စစ်မှုထမ်းများကို ဆိပ်ကမ်းများ၌ ဆိုက်ကပ်စရာ မလိုဘဲ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ပေးနိုင်သည်။

အမေရိကန်- ဩစတြေးလျ- ဂျပန် စစ်ရေးပူးတွဲ လေ့ကျင့်နေကြစဉ်

အမေရိကန်စစ်တပ်၏ မဟာဗျူဟာသည် လူသူအရောက်အပေါက်နည်းသည့် ကျွန်းများတွင် တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ချထားနိုင်ရန်ဖြစ်ပြီး အိုကီနာဝါ၊ ထိုင်ဝမ်နှင့် ဖိလစ်ပိုင်တို့ကို ချိတ်ဆက်ထားသော ကျွန်းစုများတွင် တပ်ဖွဲ့များကို လျင်မြန်စွာဖြန့်ကြက်ကာ တရုတ်ကို ဟန့်တားရန်ဖြစ်သည်။

ဂျပန်၏ ယိုကိုဟားမား မြောက်ဘက် သင်္ဘောကျင်း (Yokohama North Dock) တွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၈၀ အခြေစိုက်ရန် အမေရိကန်နှင့် ဂျပန်အကြား ဇန်နဝါရီလက သဘောတူညီချက် ရရှိခဲ့သည်။

ထို့ပြင် အမေရိကန်သည် ထိုသင်္ဘောကျင်းတွင် ကမ်းတက်သင်္ဘောများနှင့် အခြားသင်္ဘောများကို အလှည့်ကျ ဖြန့်ကြက်ချထားရန် သြစတြေးလျနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်နေသည်။

Source: Nikkei Asia