CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၉

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ပဋိပက္ခဖြစ်ပွားနေသော နှစ်ဖက် အဖွဲ့အစည်းများက အသုံးချနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

NCA ကို မြန်မာ့တပ်မတော် အပါအဝင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် အင်အားသုံးပြီး ပြဿနာကို ဖြေရှင်းခြင်းက NCA မူများနှင့် မကိုက်ညီကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “နှစ်ဖက်စလုံးကတော့ ဒီလိုပဲပေါ့ဗျာ ကိုယ့်အတွက် ကိုယ်ရပ်တည်နေတဲ့ နိုင်ငံရေး Position ကို ကြည့်ပြီးတော့ NCA ကို ကိုင်စွဲကြတာပါပဲ ရှင်းရှင်းပြောရရင်တော့ ဘယ်ဖက်ကမဆို NCA ကို အတိ အကျ လိုက်နာမယ်ဆိုရင်တော့ အင်အားသုံးပြီးတော့ ပြဿနာရှင်းတာ NCA မူနဲ့တော့ မကိုက်ပါဘူး။ ဘယ်ဖက်က ဖြစ်ဖြစ် အကြမ်းဖက်တာတို့ အင်အားသုံးတာတို့က NCA မူထဲမှာ မပါဘူး။ ဒါပေမဲ့ အားလုံး ပဋိပက္ခမှာ ပါနေတဲ့ ဘက်ပေါင်းစုံက အင်အားတွေ သုံးနေကြတော့ ဒါတော့ NCA မူ မဟုတ်တာတော့ သေချာတယ်၊ ထို့အတူ ပဲ NCA ထိုးပြီးတော့မှ လက်နက်ကိုင်ပဋိပက္ခထဲမှာ ပါသွားတဲ့အဖွဲ့က ၃ ဖွဲ့ပဲ ရှိပါတယ်။ တခြမ်းတခြမ်းစီ ပါကြတာ CNF တစ်ဖွဲ့ကတော့ နည်းနည်း အပြည့်အဝ ပါသလိုရှိပေမဲ့ KNU မှာ တခြမ်း တခြမ်းစီပါပါတယ်၊ ခေါင်းဆောင် တချို့ က NCA အပေါ်မှာ နေတယ်၊ ခေါင်းဆောင်တချို့က NCA အပေါ် မနေဘူး။ ထို့အတူပဲ ABSDF ဆိုလည်း ခေါင်းဆောင်တချို့က လက်နက်ကိုင်ပဋိပက္ခမှာပါတယ်၊ ခေါင်းဆောင်တချို့ကတော့ NCA လမ်းကြောင်းပေါ်မှာ ပူးတွဲလုပ်နေတာရှိတယ်၊ အဲဒီလို အပဲအရွဲ့လေးတွေတော့ ရှိတာပေါ့ဗျာ၊ ဒါပေမဲ့ အဲဒီလိုဖြစ်လို့ NCA တစ်စုံလုံး ဥပဒေစာတမ်း တစ်စောင်လုံး ပျက်ပြယ်သွားတယ်ဆိုတာတော့ မရှိပါဘူး” ဟု ပြောသည်။

NCA စာချုပ် လက်မှတ်ထိုးခြင်း အခမ်းအနားမှာ တွေ့ရသော လက်နက်ကိုင် ခေါင်းဆောင်များ

NCA စာချုပ်၏ အခန်း (၃)တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တစ်ဖက်နှင့် တစ်ဖက် နယ်မြေစိုးမိုးမှု တပ်လှုပ်ရှားခြင်း၊ ကင်းထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင် တိုက်ခိုက်မှုများ၊ မိုင်း ထောင်ခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်းရန် စသော အချက်များ ပါဝင်သည်။

ထို့အတူ ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ပရဝဏ်များအတွင်းနှင့် ယဉ်ကျေးမှု ရိုးရာဓလေ့ဆိုင်ရာ နေရာ၊ လူထုနှင့် ပတ်သက်သော နေရာများတွင် စစ်ရေးဆိုင်ရာ တပ်စခန်းချထားခြင်း မပြုလုပ်ရန်လည်း ပါရှိသည်။

NCA ပျက်ပြယ်ခြင်း၊ မပျက်ပြယ်ခြင်းက လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများ၏ သဘောထားအပေါ်တွင် မူတည်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “NCA လက်မှတ်ထိုးတာကတော့ အခမ်းအနားနဲ့ နိုင်ငံခြား သံတမန်များ၊ နိုင်ငံခြားပုဂ္ဂိုလ်များ ရှေ့မှာပဲ အလေးအနက်ထား ချုပ်ဆိုခဲ့ကြတာပဲခင်ဗျ၊ အဲဒါကြောင့် တော်တော်ကြီးကို တန်ဖိုးရှိတဲ့ အပစ်အခတ် ရပ်စဲရေး အတွက် ဦးထိပ်ထားပြီးတော့ ဆောင်ရွက်ကြတဲ့ သဘောတူညီချက်တစ်ခု NCA လက်မှတ်ထိုးထားတဲ့ သဘောတူ ညီချက်တစ်ခုလို့ ကျနော်တို့ မြင်ပါတယ်၊ အဲဒီတော့ မိမိတို့ရဲ့ လွတ်လပ်တဲ့ ဆန္ဒနဲ့ လုပ်ကြတဲ့အခါမှာ လူပုဂ္ဂိုလ်တွေ ရဲ့ စိတ်ဆန္ဒအရ မိမိတို့က သဘောမတူတော့ဘူး ဆိုရင်လည်း အဲဒီဆန္ဒကို ကျနော်တို့က ဘယ်လို ပိတ်ပင်လို့ ရမလဲ၊ အဲဒါကြောင့် အဓိကကတော့ လူပုဂ္ဂိုလ်တွေရဲ့ လွတ်လပ်တဲ့ ဆန္ဒအပေါ်မှာပဲ မူတည်တယ်၊ သူတို့ရဲ့ သဘော ထား အပေါ်မှာပဲ အဓိက မှီတယ်လို့ပဲ ကျနော်တို့ အဲဒီလိုပဲ သုံးသပ်ပါတယ်” ဟု ပြောသည်။

NCA စာချုပ် လက်မှတ်ထိုးပြီးနောက် အမှတ်တရ ဓာတ်ပုံရိုက်ကြစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်မှ NLD အစိုးရကို ဖြုတ်ချပြီးနောက် အာဏာရယူလိုက်ခြင်း ကြောင့် NCA မှာ ပျက်ပြယ်ပြီဟုဆိုကာ လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်း တချို့က တော်လှန်ရေး အင်အားစုများနှင့် ပူးတွဲကာ တပ်မတော်ကို တိုက်ခိုက်လျက်ရှိသည်။

ထို့နောက် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

NCA စာချုပ်ကို သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊  ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော်/ငြိမ်းချမ်းရေးကောင်စီ ( KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ လက်မှတ် ထိုးထားသည်။

လက်ရှိတွင်လည်း အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် KNU၊ CNF၊ ABSDF တို့သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။