CNI International News

နယူးဒေလီ၊ အောက်တိုဘာ ၄

ကနေဒါအနေဖြင့် ၎င်းတို့၏ သံတမန် ၄၁ ဦးကို အောက်တိုဘာ ၁၀ ရက်တွင် ပြန်လည်ခေါ်ယူရမည်ဟု အိန္ဒိယက ပြောကြားခဲ့ကြောင်း The Financial Times သတင်းစာမှ ဖော်ပြခဲ့သည်။

ဇွန်လက ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာ(British Columbia) ပြည်နယ်တွင် ကနေဒါနိုင်ငံသား တစ်ဦးဖြစ် သည့် ဆစ်ခ်ခွဲထွက်ရေး ခေါင်းဆောင် ဟာဒိပ် ဆင်း နစ်ဂျား (Hardeep Singh Nijjar)သတ်ဖြတ်ခံရမှု၌ အိန္ဒိယ အစိုးရအေးဂျင့်များ ပါဝင်ပတ်သက်ဖွယ်ရှိသည်ဟု ကနေဒါက သံသယဖြစ်ခဲ့ပြီးနောက် အိန္ဒိယနှင့် ကနေဒါနိုင်ငံ ကြား ဆက်ဆံရေးများ တင်းမာခဲ့သည်။

အိန္ဒိယအစိုးရသည် ခါလစ္စတန် (Khalistan) ဟု လူသိများသည့် လွတ်လပ်သော ဆစ်ခ် အမိမြေထူထောင်ရေး လှုပ်ရှားမှုကို ထောက်ခံအားပေးခဲ့သည့်် နစ်ဂျားအား အကြမ်းဖက်သမား စာရင်းတွင် ထည့်သွင်း သတ်မှတ်ခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာကို တွေ့ရစဉ်

ထို့ပြင် အိန္ဒိယသည် နစ်ဂျား သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ကနေဒါ၏ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။

အိန္ဒိယသည် အောက်တိုဘာ ၁၀ ရက် နောက်ပိုင်း နိုင်ငံအတွင်းမှ ထွက်ခွာခြင်းမရှိသည့် ကနေဒါ သံတမန်များကို သံတမန်ရေးအရ ကင်းလွတ်ခွင့်ပေးထားမှုအား ရုပ်သိမ်းမည်ဟု အောက်တိုဘာ ၃ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။

ကနေဒါသည် အိန္ဒိယတွင် သံတမန် ၆၂ ဦး ထားရှိခဲ့ပြီး ထိုသံတမန်များထဲမှ ၄၁ ဦးကို ပြန်လည်ရုပ်သိမ်းသင့် ကြောင်း အိန္ဒိယက ပြောကြားခဲ့သည်။

The Financial Times သတင်းစာ၏ ဖော်ပြချက်နှင့် ပတ်သက်ပြီး အိန္ဒိယနှင့် ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာန များက မှတ်ချက်မပေးခဲ့ပေ။

အိန္ဒိယအစိုးရကို ဒေါသထွက်စေသည့် ဆစ်ခ်ခွဲထွက်ရေး အုပ်စုများ ရှိနေသည့် ကနေဒါနိုင်ငံတွင် အိန္ဒိယသံတမန် များအပေါ် အကြမ်းဖက်မှုများနှင့် ခြိမ်းခြောက်မှုများ ရှိခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) က အစောပိုင်းတွင် ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရကို ဆန့်ကျင်နေတဲ့ ကနေဒါရှိ ဆစ်ခ်လူမျိုးများကိုတွေ့ရစဉ်

ကနေဒါနိုင်ငံတွင် ဆစ်ခ်ဘာသာဝင်များ ၇၇၀,၀၀၀ ခန့် နေထိုင်ကြောင်း၊ ထိုလူဦးရေသည် အိန္ဒိယ၏ ပန်ဂျပ် (Punjab) ပြည်နယ် အပြင်ဘက်တွင် ဆစ်ခ်ဘာသာဝင် အများဆုံးရှိနေသည့် လူဦးရေပမာဏ ဖြစ်သည်။ 

အိန္ဒိယအစိုးရသည် ခါလစ္စတန် ထူထောင်ရေးအတွက် လူသိရှင်ကြား ထောက်ခံခဲ့သည့် ဆစ်ခ်ဘာသာဝင် အချို့ကို မကျေနပ်ကြောင်း ဆယ်စုနှစ်များစွာကြာ ပြောကြားခဲ့သည်။

ကနေဒါ၏ အောက်လွှတ်တော်တွင် ဆစ်ခ်ဘာသာဝင် ၁၅ ဦး ရှိနေပြီး အောက်လွှတ်တော်နေရာ စုစုပေါင်း၏ ၄ ရာခိုင်နှုန်းကျော်ရှိသည်။

ထိုအရေအတွက်သည် လူဦးရေ အချိုးအစားအလိုက် တွက်ချက်ကြည့်မည်ဆိုပါက ကနေဒါ လူဦးရေ၏ ၂ ရာခိုင်နှုန်းအထိ ရှိသည်။ 

Source: အယ်လ်ဂျာဇီးယား