CNI International News

ပဲရစ်၊ စက်တင်ဘာ ၂၆

နိုက်ဂျာတွင် ထားရှိသည့် ပြင်သစ်စစ်တပ်ကို ရုပ်သိမ်းသွားမှာဖြစ်သလို နိုက်ဂျာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကို လည်း ပြန်လည်ခေါ်ယူမည်ဟု ပြင်သစ်သမ္မတ မက်ခရွန်(Emmanuel Macron)က ပြောကြောင်း အေပီမှ ဖော်ပြခဲ့ သည်။

နိုက်ဂျာတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရသည့် သမ္မတကို ဖယ်ရှားခဲ့သော  စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ ပြီးနောက် မက်ခရွန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုက်ဂျာ စစ်အစိုးရကမူ မက်ခရွန်၏ ပြောကြားချက်သည် နိုက်ဂျာနိုင်ငံ၏ အချုပ်အခြာအာဏာကို ရှေးရှုသည့် ခြေလှမ်းသစ်တစ်ရပ်ဖြစ်ကြောင်း ကြေညာခဲ့သည်။

"နယ်ချဲ့ဝါဒီနဲ့ ခေတ်သစ်ကိုလိုနီဝါဒီ တပ်ဖွဲ့တွေကို ကျနော်တို့နိုင်ငံရဲ့ နယ်နိမိတ်ထဲမှာ လက်ခံထားရှိတော့မှာ မဟုတ်ပါဘူး။ အပြန်အလှန် လေးစားမှုနဲ့ အချုပ်အခြာ အာဏာပိုင်မှုတွေကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်မယ့် ခေတ်သစ်တစ်ခုကို စတင်ခဲ့ပါပြီ"ဟု နိုက်ဂျာ စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။

 နိုက်ဂျာအာဏာသိမ်း စစ်တပ်ကိုတွေ့ရစဉ်

နိုက်ဂျာ စစ်ခေါင်းဆောင်များ၏ ထုတ်ပြန်ချက်သည် အာဖရိကအပေါ် ထားရှိသည့် ပြင်သစ်၏ မူဝါဒကို ထိုးနှက် ချက်တစ်ခု ဖြစ်ခဲ့သည်။

ပြင်သစ်သည် မကြာသေးမီ နှစ်များအတွင်း အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့သည့် မာလီနှင့်် ဘာကီနာဖာဆို နိုင်ငံများ တွင် ထားရှိသည့် ၎င်း၏ တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

ပြင်သစ်သည် အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့များကို တိုက်ခိုက်ရန် အာဖရိက ခေါင်းဆောင်များ၏ တောင်းဆို ချက်ဖြင့် ဆာဟယ် (Sahel) ဒေသတွင် ထောင်နှင့်ချီသော တပ်ဖွဲ့များကို ဖြန့်ကြက်ချထားခဲ့ခြင်း ဖြစ်သည်။

နိုက်ဂျာတွင် အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည့် ဇူလိုင်လကတည်းက ပြင်သစ်သည် ၎င်း၏ တပ်ဖွဲ့ဝင် ၁၅၀၀ ခန့်ကို နိုက်ဂျာတွင် ထားရှိခဲ့သည်။ 

နိုက်ဂျာရှိ ပြင်သစ်စစ်တပ်ကိုတွေ့ရစဉ်

ထိုတပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်းရန် နိုက်ဂျာစစ်ခေါင်းဆောင်များ၏ အမိန့်ထုတ်ပြန်မှုအား ပြင်သစ်က ငြင်းဆိုခဲ့ပြီး အာဏာသိမ်းမှုကို အသိအမှတ်မပြုကြောင်း ပြောကြားခဲ့သည်။

သို့သော် မကြာသေးမီ သီတင်းပတ်များအတွင်း ပြင်သစ်နှင့် ၎င်း၏ ကိုလိုနီဟောင်း နိုက်ဂျာအကြား တင်းမာမှုများ မြင့်တက်လာခဲ့ကာ ယခုအခါတွင် မက်ခရွန်က နိုက်ဂျာရှိ ပြင်သစ်တပ်ဖွဲ့များနှင့် သံအမတ်ကို ပြန်လည်ခေါ်ယူ မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုက်ဂျာစစ်ခေါင်းဆောင်များက နိုက်ဂျာ၏ လေပိုင်နက်အတွင်း ပြင်သစ်၏ အရပ်ဘက်၊ စစ်ဘက်လေယာဉ်များ ဝင်ရောက်ပျံသန်းခွင့် ပိတ်ပင်ကြောင်း ကြေညာခဲ့ပြီးနောက် မက်ခရွန်၏ ပြောကြားချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ် သည်။

သို့သော် အခြားနိုင်ငံများမှ လေယာဉ်များကိုမူ လေပိုင်နက် အသုံးပြုခွင့် ပိတ်ပင်မည် မဟုတ်ကြောင်း နိုက်ဂျာ စစ်ခေါင်းဆောင်များက ပြောကြားခဲ့သည်။

Source: အေပီ