CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄

လက်ရှိ ပြည်တွင်းမှာ ဖြစ်ပွားနေသည့် နိုင်ငံရေးပဋိပက္ခများကို နစကနှင့် ‌ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးရုံဖြင့် ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ပြောရေးဆိုခွင့်ရှိသူ Salai Timmy က CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ နိုင်ငံရေးပဋိပက္ခများကို ဖြေရှင်းရန် တိုင်းရင်းသားခေါင်း‌ဆောင်များ၊ အခြားသော အဖွဲ့အစည်းများလည်း လိုအပ်ကြောင်း ၎င်းက ပြောသည်။

Salai Timmy က “ဒါကတော့ မထင်ဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားတွေ လိုချင်တာက ဖက်ဒရယ် ဒီမိုကရေစီကို သွားမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ အာဘော်တွေကို အရင်ကလို ဒေါ်စုလက်ထက်က ပုံစံမျိုး ပြန်ရောက်မယ်ဆိုရင် တိုင်းရင်းသားတွေက လက်ခံမယ့်ပုံ မပေါ်ဘူးဗျ၊ အဲဒါကြောင့် သူတို့ဆွေးနွေးလည်း ဒီဟာ တော့ ဖြစ်လာမယ်လို့တော့ မထင်ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဗိုလ်ချုပ်ကြီးစောမူးတူးစေးဖိုးတို့ကိုတွေ့ရစဉ် (AFP)

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံ‌ရေး အကျပ်အတည်းများကို လူပုဂ္ဂိုလ် နှစ်ဦးတွေ့ဆုံရုံဖြင့် ဖြေရှင်း နိုင်မှာ မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါကတော့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအပေါ်မှာလည်း မူတည်လိမ့်မယ်လို့ မြင်တယ်၊ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာက လူပုဂ္ဂိုလ်နှစ်ဦးနဲ့တော့ တွေ့ဆုံရုံနဲ့ ပြီးပြည့်စုံ လိမ့်မယ် လို့ ကျနော်တော့ အဲဒီလို မမြင်ဘူး။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ လွတ်လပ်ရေး ရပြီးကတည်းက ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာတွေက မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် မရှိတဲ့ ပြဿနာကို အဓိက ဦးစားပေးပြီး ဖြေရှင်းဖို့ လိုလိမ့်မယ်လို့ ကျနော်တော့ အဲဒီလိုမြင်တယ်၊ အဲဒါကြောင့် နစကနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုကတော့က အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်လိမ့်မယ်လို့ ကျနော်တော့ အဲဒီလို မြင်တယ်” ဟု ပြောသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု စသည့် အမှုအတော်များများဖြင့် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထား ရသလို အဂတိအမှု ၅ မှုကိုလည်း ဆက်လက် ရင်ဆိုင်နေရကြောင်း သိရသည်။

မြန်မာ့တပ်မတော်ဖြုတ်ချရေး နွေဦးတော်လှန်ရေး ဆင်နွှဲနေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ကိုတွေ့ရစဉ်

ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှု ဖြစ်မဖြစ်က တော့ အာဆီယံရဲ့ ပံ့ပိုးကူညီမှုနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းပေါ်မှာ SAC ဘယ်လို သုံးသပ်ခန့်မှန်သလဲ ဆိုတာနဲ့ ဆိုင်မယ်ထင်တယ်၊ ဒါပေတည်း SAC ဖက်က ပြင်ဆင်ထားပုံ ပေါက်တယ်၊ သူတို့ရဲ့ အမှုစစ်နေတဲ့ ပုံစံက တခြားအ မှု တွေနဲ့ မတူဘူးဗျ၊ မြန်မြန်လည်း ပြီးအောင် လုပ်နေကြတာကိုး အောက်တိုဘာလအတွင်းမှာ ပြီးရင်ပြီးမယ်၊ နောက်ကျဆို နိုဝင်ဘာလ ဒုတိယအပတ်လောက်အထိ ဒေါ်အောင်ဆန်းစုကြည်အမှုတွေ ပြီးသွားမယ်ဆိုရင် လာမယ့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ စိန်ရတုလွတ်လပ်ရေးနေ့မှာ SAC ဖက်က ဘယ်လိုဆောင်ရွက်မှာ လည်း တကယ်လို့ လွတ်မြောက် မလာခင်လေးမှာ SAC နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောတူညီချက်တွေက ဘာတွေ ရှိလာနိုင်လဲ နိုင်ငံရေး တည်ငြိမ်အေးချမ်းမှုနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစု ကြည် မှာလည်း တာဝန်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း ခံယူမယ်ဆိုရင် SAC အနေနဲ့ ဆွေးနွေး မှုဟာ ရှိလာနိုင်တယ်၊ လွတ်မြောက်ပြီးတဲ့ နောက်မှာလည်း မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့တပ်မတော်တို့ ပူးပေါင်းသွားနိုင်တဲ့ အနေအထားလည်း ရှိတာပေါ့ဗျာအနာဂတ်ဆိုတာ ပြောလို့ခန့်မှန်းလို့ အင်မတန်ခက်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုအားလုံး ပါဝင်သည့် ဆွေးနွေးမှုကသာ နိုင်ငံအတွက် အာမခံချက်ရှိသည့် ငြိမ်းချမ်း ရေးကို ကျနော်တို့ လမ်းစဖွင့်နိုင်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြနေကြသူများ (ဖရွန်းတီးယားမြန်မာ)

၎င်းက “ကျနော်တို့ နိုင်ငံမှာ ရှိနေတဲ့ တိုင်းရင်းသားလူမျိုးများ အားလုံး တိုင်းရင်းသား နိုင်ငံရေးပါတီပဲဖြစ်ဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပဲဖြစ်ဖြစ် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု စားပွဲဝိုင်းပေါ်မှာ ပူးပေါင်းညှိနှိုင်း ဆွေးနွေး သဘောတူညီချက်နဲ့ တည်ဆောက်ဖို့ လိုအပ်တယ်ဆိုတာကိုတော့ ကျနော်တို့အနေနဲ့ အဲဒီလိုမျိုး နားလည်မှုရှိတဲ့ အပေါ်မှာပေါ့လေ၊ ခုနက မေးသလိုမျိုး လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ အမည်နာမကို ကျနော် ခေါ်လိုက်မယ်ဆိုရင်တော့ သူတို့လိုမျိုး အရေးပါတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျနော်တို့ ပြည့်ပြည့်စုံစုံ မခေါ်မိဘဲနဲ့ လစ်ဟာမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ အဓိကတော့ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဆိုရင် တော့ ခုနက ပြောပြောနေတဲ့ ဖက်ဒရယ်အင်အားစုအားလုံး၊ ဒီမိုကရေစီ အင်အားစုတွေ အားလုံး ပူးပေါင်းပါဝင် ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းကသာလျှင် ကျနော်တို့ နိုင်ငံအတွက် အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးကို ကျနော်တို့ လမ်းစဖွင့်နိုင်မယ်၊ တည်ဆောက်လို့ ရမယ်ဆိုတာတော့ အဲဒီလိုပဲ နားလည်မှု ရှိပါတယ်ခင်ဗျ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် နိုင်ငံတော်အာဏာကို ရယူပြီးနောက် မြန်မာ့တပ်မတော်ကို ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများ နိုင်ငံအနှံ့ ဖြစ်ပွားလာခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည် အခြေအနေများသည် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။