CNI International News

အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၄

ပါကစ္စတန်နိုင်ငံ၏အရှေ့ပိုင်းတွင် နိုဝင်ဘာ ၃ ရက်က ဆန္ဒပြပွဲ၌ သေနတ်သမားတစ်ဦး၏ပစ်ခတ်မှုကြောင့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း၏ခြေထောက်တွင် ဒဏ်ရာရအနည်းငယ် ရရှိသွားကြောင်း အေပီသတင်းအရ သိရသည်။

၎င်းအား ထောက်ခံသူတစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရသူ ၉ ဦးရှိခဲ့ကြောင်း ခမ်း၏ပါတီနှင့် ပါကစ္စတန်ရဲတပ်ဖွဲ့တို့က ပြောကြားခဲ့ကြသည်။

ပစ်ခတ်မှုကျူးလွန်ခဲ့သည့် သေနတ်သမားကို ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပြီး ပစ်ခတ်မှုအတွက် ဝန်ခံထွက်ဆိုကြောင်း၊ ၎င်းတစ်ဦးတည်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က နောက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

မည်ကဲ့သို့သော အခြေအနေမျိုးတွင် ဝန်ခံထွက်ဆိုခြင်းဖြစ်ကြောင်း လတ်တလော ရှင်းရှင်းလင်းလင်း မသိရ သေးပေ။

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းပါတီကို ထောက်ခံသူများအား တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

“အီမရန်ခမ်းသာ ၎င်း၏ပစ်မှတ်” ဟု ဖိုင်ဇဲဘတ်အမည်ရှိ (Faisal Butt) ပစ်ခတ်မှုသံသယရှိသူက ထွက်ဆို ကြောင်း ပါကစ္စတန်ပြန်ကြားရေးဝန်ကြီး မာယန်အော်ရန်ဇက်ဘ် (Maryam Aurangzeb) က ပြောကြားခဲ့သည်။

အသက် ၇၀ အရွယ်ရှိ အီမရန်ခမ်းသည် လာဟိုးမြို့ရှိ ရှာကက်ခါနမ် (Shaukat Khanum) ဆေးရုံတွင် ခွဲစိတ် ကုသမှုခံယူခဲ့ကြောင်း ၎င်း၏ပါတီမှ ထိပ်တန်းခေါင်းဆောင် အိုမာအေယက်ခမ်းက တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ခမ်းသည် ၎င်း၏ညာဘက်ခြေထောက်တွင် ပတ်တီးစည်းထားကြောင်း တွေ့ရှိရသည်ဟု သတင်များအရ သိရသည်။

ခမ်း၏ မဲဆွယ်စည်းရုံးရေးအတွင်း သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ထောက်ခံသူတစ်ချို့ ဒဏ်ရာရရှိခဲ့စဉ်(ဓါတ်ပုံ-အေပီ)

ယခု ပစ်ခတ်မှုသည် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခြင်းဟု ပါတီ၏ပြောခွင့်ရသူ ဖာဝပ်ချောင်ဒရီ (Fawad Chaundhry) က နောက်ပိုင်းမှာ ဝီဇီရာဘတ်မြို့ (Wazirabad) ရှိ လူစုလူဝေးတစ်ခုအတွင်း ပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်သည် ပါကစ္စတန်တစ်နိုင်ငံလုံးကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ပြည်သူများအတွက် လက်စားချေ ရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလတွင် လွှတ်တော်အတွင်း အယုံအကြည်မရှိကြောင်း မဲခွဲဆုံးဖြတ်မှုအရ အီမရန်ခမ်းသည် ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ခံရပြီးနောက် ယခုပစ်ခတ်မှုမှာ ပထမဆုံးအကြမ်းဖက်မှုလည်းဖြစ်သည်။

ကာလရှည်ကြာ‌အောင် နိုင်ငံရေးအကြမ်းဖက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ သမိုင်းကြောင်းရှိခဲ့သော ပါကစ္စတန်နိုင်ငံတွင် လက်ရှိ မတည်ငြိမ်သည့်အခြေအနေများကြောင့် စိုးရိမ်စရာများ ပိုမိုတိုးပွားလာခဲ့သည်။

Source: AP