CNI International News

ကိယက်ဗ်၊ ဇူလိုင် ၁၂

မော်စကို၏ အန္တရာယ်ကို အဓိကထားဆွေးနွေးမည့် နေတိုးညီလာခံ မစတင်မီ ရုရှားက ယူကရိန်းမြို့တော် ကိယက်ဗ် (Kyiv)၊ အိုဒက်ဆာ (Odesa)ပင်လယ်နက်ဆိပ်ကမ်းနှင့် တောင်ပိုင်း ခါဆွန် (Kherson)ဒေသများကို တိုက်ခိုက်ခဲ့သည်။ 

ညအချိန် ကိယက်ဗ်နှင့် အိုဒက်ဆာမြို့များကို ဒရုန်းဖြင့် တိုက်ခိုက်မှုများတွင် လူအသေအပျောက် သတင်း မကြားသိရသော်လည်း တောင်ပိုင်း ဆိုဖီးကာ (Sofiivka)ရွာကို အမြောက်ဖြင့် ပစ်ခတ်ရာမှာတော့ အမျိုးသမီး တစ်ယောက် သေဆုံးခဲ့သလို ခါဆွန်မြို့တွင်လည်း လူ ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ခါဆွန်အုပ်ချုပ်ရေး မှူး အိုလက်ဆန်ဒါ ပရိုကူဒင် (Oleksandr Prokudin)က ပြောသည်။ 

ယူကရိန်းတစ်ခွင်တွင် လေကြောင်းအန္တရာယ် သတိပေးချက်များ ထုတ်ပြန်ထားပြီး ကရင်မလင်က ဝေဖန်နေသည့် ညီလာခံအတွက် နေတိုးခေါင်းဆောင်များ စုဝေးနေစဉ်တွင် တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသည်။

မော်စကိုက ၎င်း၏ လုံခြုံရေးကို ကာကွယ်ရန် တုံ့ပြန်သွားမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။ 

ရုရှား တိုက်ခိုက်မှုကြောင့် ပျက်စီးနေမှုကိုတွေ့ရစဉ်

“ဒီလအတွင်းမှာ ရန်သူက နှစ်ကြိမ်မြောက် ကိယက်ဗ်ကို တိုက်ခိုက်ခဲ့တာပါ”ဟု ကိယက်ဗ် စစ်တပ်ကွပ်ကဲရေးဌာန အကြီးအကဲ ဆာဟီး ပေါ့ကို(Serhiy Popko)က တယ်လီဂရမ်တွင် ရေးသားခဲ့သည်။ 

ညအချိန် ရုရှားက လွှတ်တင်သည့် အီရန်လုပ် ကာမိကာဇေ ရှာဟတ်ဒရုန်း ၂၈ စင်းအနက် ၂၆ စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ယူကရိန်းလေတပ်က ပြောသည်။ 

အပျက်အစီး အစအနများက ကိယက်ဗ်ဒေသအတွင်းရှိ အဆောက်အဦများပေါ်သို့ ကျဆင်းခဲ့သည်ဟုလည်း စစ်တပ်က ပြောကြားသည်။ 

အိုဒက်ဆာဆိပ်ကမ်းမှ ရုံးအဆောက်အအုံ တစ်ခုမှာလည်း ပျက်စီးသွားခဲ့ပြီး ဆိပ်ကမ်းအနီးက ဂိတ်တစ်ခုကိုလည်း မီးလောင်ခဲ့ရာ အမြန်ဆုံးငြှိမ်းသတ်ခဲ့ရသည်ဟု ယူကရိန်းအာဏာပိုင်များက ပြောသည်။ 

ဗီလ်နီးယပ်စ်မြို့မှာ ကျင်းပမည့် နေတိုးညီလာခံတွင် အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားနေသည့် ယူကရိန်းအဖို့ သတင်းကောင်း ကြားရလိမ့်မည်ဟု နေတိုးခေါင်းဆောင်များက ပြောကြားခဲ့သည်။ 

ကိယက်ဗ် စစ်တပ်ကွပ်ကဲရေးဌာန အကြီးအကဲ ဆာဟီးပေါ့ကို ကိုတွေ့ရစဉ်

မော်စကိုကလည်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းသို့တပ်ဖွဲ့များ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ရခြင်းမှာ နေတိုး၏ အရှေ့ဖက်သို့ ချဲ့ထွင်လာမှုက အကြောင်းတစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အရပ်သားပြည်သူများကို တမင်ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်း မဟုတ်ဟုလည်း ရုရှားက ငြင်းဆန်ထားသည်။ 

Source: ရိုက်တာ