CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂

ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Mr. Don Pramudwinai နှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစု ကြည်၏ ပြောဆိုချက်များကို တော်လှန်ရေး အင်အားစုများက သဘောတွေ့မှာ မဟုတ်ကြောင်း ရခိုင့်ဦးဆောင် ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းဒုတိယဝန်ကြီးချုပ် Mr. Don Pramudwinai သည် ဇူလိုင် ၉ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး နေပြည်တော် အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရှိခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာက အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားပြီး အနောက်နိုင်ငံများ၏ ထောက်ပံ့မှုဖြစ် ရပ်တည်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ် ရေးတပ် (PDF) ကို မိမိအနေဖြင့် အသိအမှတ်မပြုကြောင်း သဘောထားပေးခဲ့သည်ဟု ဂျပန်သတင်းဌာန Pan Orient News က ရေးသားဖော်ပြခဲ့သည်။

ဒေါက်တာအေးမောင်က “အဲဒီရပ်တည်ချက်မျိုးကို ပြောလာမှာ ကြိုသိနေတဲ့ အင်အားစုတွေကတော့ သူနဲ့ သံခင်း တမန်ခင်း တွေ့တာကို ဆန့်ကျင်ကြမှာပေ့ါ၊ ခုနလို့ လက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းအောင် တနည်းအားဖြင့် သွေးမြေကျမှု မရှိအောင် ဆိုတဲ့ဘက်ကို သူ့ဘက်က ရပ်တည်တယ်ဆိုရင် သွေးမြေကျအောင် လုပ်နေကြတဲ့ အင်အားစုတွေနဲ့ သူနဲ့ သံခင်းတမန်ခင်း တွေ့ခြင်းသည် အနုတ်လက္ခဏာ ဆောင်တာပေါ့၊ သူ့ရဲ့ထွက်ဆိုချက်၊ သူ့ရဲ့ ရပ်တည်ချက်သည် ပြောင်းပြန်သူတို့အတွက် ဖြစ်သွားမှာ စိုးရိမ်တဲ့သဘောလည်း ဖြစ်သွားနိုင်တာပေါ့၊ အဲဒီလိုမျိုး ဖြစ်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိအစိုးရ ဆွေး‌နွေးတာတို့ သံခင်းတမန်ခင်း ဆွေးနွေးတာတို့ကို တစ်ဖက်က ခုနလို နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ အင်အားစုတွေဘက်က သိပ်ပြီးတော့ သဘောတွေ့မှာ မဟုတ်ဘူးပေါ့” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဒုတိယ၀န်ကြီးချုပ် Mr. Don Pramudwinai ကို တွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်းကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပနေသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ထိုင်းဒုတိယဝန်ကြီးချုပ် Mr. Don Pramudwinai က ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမှုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာ့တပ်မတော်က အာဏာယူပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင့်မြင့်သံတမန်တို့ တွေ့ဆုံခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဒေါက်တာအေးမောင်က “‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်က ဒီအတိုင်းပဲ သွားမှာဗျ၊ သူတောက်လျှောက် ပေါ့ သူအသက် ၇၀ ကျော်ပြီလေ၊ တောက်လျှောက်လာတယ် ငြိမ်းချမ်းတဲ့နည်းနဲ့ အဲဒီတော့ အကြမ်းမဖက်တဲ့ နည်းနဲ့ သူရပ်မှ ဖြစ်မှာပေါ့၊ သူဘက်ကလေ ဘယ်သူတွေ ဘာပြောပြောပေါ့လေ၊ သူရဲ့ ရပ်တည်ချက်သည် အကြမ်းမဖက်တဲ့နည်းနဲ့ပဲ တောက်လျှောက် သူ့သမိုင်းကို သူရေးသွားမှာပေါ့၊ လက်ရှိ NUG၊ PDF တွေရဲ့ အနေအ ထားကို သူသိကောင်း သိမှာပေါ့၊ ဒါပေမဲ့လို့ သိတယ်လို့ ပြောချင်မှ ပြောမှာပေါ့၊ သိချင်လည်း သိမှာပဲ၊ ဒါပေမဲ့ ကျနော် ထင်သလောက်တော့ တာဝန်အရလည်း မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းဖို့အတွက် ကြီးကြီးမားမား ရှိတယ်လေ၊ မွေးကတည်းက ပါလာတဲ့ တာဝန်ပေါ့ဗျာ၊ အဲဒီတာဝန်ကို ဆက်ပြီးတော့ သူထမ်းသွားမှာလား အချင်းချင်း သွေးမြေကျတဲ့ အနေအထား ပိုပြီးမြင့်မားလာအောင် တွန်းပို့ပေးမှာလားဆိုတဲ့ မေးခွန်းကို မေးရင် ကျနော်ထင်တယ် သွေးမြေကျမှုရပ်အောင် သူ့ဘက်က ဆန္ဒက မွေးကတည်းက ပါလာနိုင်ပါတယ်၊ ဆိုတော့ အဲဒီသဘောအရ သွားမယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ ပဋိပက္ခကို ပိုကြီးလာစေလိုတဲ့ အင်အားစုဖက်မှာတော့ သူရပ်တည်မှာ မဟုတ်ဘူး။ သမိုင်းအရ သူ့ကို သုံးသပ်တာပါ၊ ဒီဟာတွေအားလုံးကို ရပ်စဲစေနိုင်တဲ့ဖက်မှာပဲ သူရပ်တည်ပြမယ်လို့ ယူဆတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသော ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာဇော်မြင့်မောင်တို့ကိုတွေ့ရ စဉ်

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ NLD အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် ခေါင်းဆောင်အချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

တခြားတစ်ဖက်မှာတော့ NLD လွှတ်တော်အမတ်များနှင့် ဒီမိုကရေစီအရေး တောင်းဆိုသူများက အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ ဖွဲ့စည်းရေး မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး လက်နက်ကိုင် တိုက်ခိုက်လျက်ရှိသည်။