CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံစာဖြင့် မူးယစ်ကုန်ကူးသည့် PDF အဖွဲ့ကို ဖမ်းဆီးရမိခဲ့သည်ဟု Chinland Defense Force-Hakha က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန် ခဲ့သည်။

ယင်းမာပင်ခရိုင် အမှတ်(၁၅) တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ်၊ ဗားရ်တံတားသို့ Hilux 9K-1693 နှင့် ကိုစိုးသူ ပိုင်ဆိုင်သော 1J-6011 Forland ကားတို့ဖြင့် သယ်ယူပို့ဆောင်သည့် စိတ်ကြွဆေးပြား ၃ သန်းခန့်၊ No.4 ခေါ် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်၊ မောင်းပြန် သေနက်(၂)လက်၊ Mini Starlink(၂)ခု တို့နှင့်အတူ တော်လှန်ရေး ရဲဘော် ၃ ဦး၊ ယာဉ်မောင်း ၁ ဦးနှင့် စပယ်ယာ ၁ ဦးတို့ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်က ဟားခါးမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့သည်ဟု Chinland Defense Force-Hakha မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများကို သယ်ယူပို့ဆောင်ရေးတွင် တာဝန်ခံဖြစ်သော မောင်ဇော်လတ်(အမည်ရင်း-ဦးဝင်းမော်)နှင့် ကိုပုတီး (အမည်ရင်း- ဦးကျော်မင်းဇော်)တို့သည် ထွက်ပြေး တိမ်းရှောင်သွားသည်ဟု ၎င်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက်တွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ဖမ်းဆီးရမိထားသူများကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု Chinland Defense Force-Hakha မှ ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဟားခါးမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းများ ထပ်မံတွေ့ရှိပါက မိမိတို့ အနေဖြင့် ထိရောက် စွာ အရေးယူသွားမည်ဟု Chinland Defense Force – Hakha မှ ထုတ်ပြန်ခဲ့သည်။