CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်မှ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဋ္ဌ ကိုဆန်းဦးအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ ဖမ်းဆီးသွားရာ လက်ရှိအချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က ဗန်းမောက်မြို့နယ်၊ လေးသီးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းစားကျောင်း ဆောင် ဆောက်လုပ်နေစဉ် KIA/PDF တို့ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

KIA/PDF အနေဖြင့် အကြောင်းမဲ့ ဖမ်းဆီးခြင်းမျိုး မလုပ်စေလိုကြောင်း၊ တိုင်းရင်းသား အချင်းချင်းအကြား ပြေပြေလည်လည် ဆွေးနွေး၍ရကြောင်း ကိုဆန်းဦးနှင့် နီးစပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ဗန်းမောက်မြို့နယ်အတွင်းက PDF ကိုတွေ့ရစဉ်

၎င်းက “ကျနော်ကတော့ အဲဒီလိုမျိုး မထင်ရင် မထင်သလို ဆွဲတာတို့ ပြုတာတို့ မလုပ်စေချင်ဘူးပေါ့ဗျာ၊ ကောင်းကောင်းမွန်မွန် ဖြေရှင်းစေချင်တာပေါ့၊ အားလုံးက ကိုယ့်တိုင်းရင်းသားတွေပဲ ကိုယ့်ညီကိုတွေပဲ သဘော ထား ကွဲလွဲတာတော့ ကွဲလွဲလို့ ရတာပေါ့ဗျာ၊ အဲဒီလိုမျိုး အဆင့်ကြီးတွေ တကယ့် တရားခံကြီးလို၊ သူခိုးဓါးမြ တရားခံကြီးလို၊ မုဒိမ်းမှုမှာ ကျူးလွန်ထားသလို အဲဒီလိုမျိုးကြီးတွေတော့ မဖြစ်ဘူးလို့ တွက်တာပေါ့ဗျာ၊ ကိုယ့် တိုင်းရင်းသား ညီကိုအချင်းချင်းပဲ ဆွေးနွေးလို့ရပါတယ်။ ပြောလို့ဆိုလို့ရပါတယ်၊ အဲဒီလိုမျိုးပဲ တွက်တာပဲလေ။ အဲဒီလိုပဲ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်ကလည်း ဗန်းမောက်မြို့နယ်၊ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု တောင်ပိုင်း တာဝန်ခံနှင့် ရှမ်းနီ လူငယ်ကွန်ယက်ဒုဥက္ကဋ္ဌဖြစ်သူ စိုင်းဆေလိုင်းကို KIA/PDF က ဖမ်းဆီးသွားခဲ့သေးသည်။

သို့သော် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် စိုင်းဆေလိုင်း ပြန်လည်လွတ်မြောက်ခဲ့သည်။

အလားတူ ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသ နောင်ပတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၏ ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော် ဦးဂန္ဓမာကို KIA/PDF က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့မှာ ကျောင်းဝင်းအတွင်း လာရောက်ခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

KIA လက်အောက်က PDF ကိုတွေ့ရစဉ်

ရပ်ရွာအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေသည့် ကိုဆန်းဦးအား မည်သည့် အကြောင်းပြချက်ဖြင့် KIA/PDF က ဖမ်းဆီးသွားသလဲဆိုတာ မသိရကြောင်း ဗန်းမောက်ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ခုလည်း ကိုဆန်းဦးက ဘာအပြစ်မှ မရှိပေမဲ့ ကျောင်းဆောက်နေတယ်၊ ကျောင်းရဲ့ ဝေယျာဝစ္စတွေ  ရွာထဲက လှူတာပြုတွေလည်း သူပဲ ဒိုင်ခံလုပ်နေတာလေ၊ လောလောဆယ်ကတော့ သူတို့က (KIA/PDF) ထင်ယောင်ထင်မှားနဲ့ တမင်သက်သက် လျှောက်လုပ်တာလား၊ ဘေးက‌ ပြောတဲ့စကားတွေနဲ့ အဲဒီလိုမျိုး ဖမ်းတာ လား၊ ဘာအကြောင်းပြချက်မှ မရှိဘူးလေ၊ ဘာအကြောင်းပြချက်နဲ့ ဖမ်းတာလဲဆိုတော့ သူတို့လည်း ဘာမှ ပြန်မပြောဘူး။ ကျနော်က ဖမ်းသွားလို့ အေးအေးဆေးဆေး မေးမြန်းလို့ ပြန်လွှတ်ခဲ့တယ်ဆိုရင်တော့ ကိစ္စမရှိဘူး လေ၊ ခုဟာက သူတို့က ရိုက်ပုတ် နှိပ်စက်တာကြီးတွေ အဲဒါမျိုးတွေ အရင်တစ်ခေါက်ကလည်း သူတို့ နှိပ်စက်လို့ သေသွားတာလေ၊ အဲဒီမှာ အဲဒီဟာတွေလည်း ဘယ်သူမှ သတင်းမရေးကြဘူး။ တင်လည်း မတင်ကြဘူး” ဟု ပြောသည်။

အဆိုပါ လုပ်ရပ်များသည် လူမျိုးတစ်မျိုး ဆက်လက် ရပ်တည်ရန်အတွက် ရေသောက်မြစ်သဖွယ်ဖြစ်သော စာပေယဉ်ကျေးမှုကဏ္ဍကို မှေးမှိန်ပျောက်ကွယ်စေရန် ရည်ရွယ်လျက် လက်နက်ဖြင့် အဓမ္မအနိုင်ကျင့်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းသည် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသား လူမျိုးများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းပါ အပိုဒ် (၃) အပိုဒ် (၈)နှင့် အပိုဒ် (၁၁) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်ကြောင်း ရှမ်းနီအရပ်ဖက် အဖွဲ့အစည်း (၂၈) ဖွဲ့မှ ထုတ်ပြန်ထားသည်။