CNI International News

နယူးဒေလီ၊ ဇွန်လ ၂၁

အိန္ဒိယနိုင်ငံတွင် ဇွန်လ ၂၀ ရက်က ဒလိုင်းလားမား (Dalai Lama) နှင့် တွေ့ဆုံခဲ့သည့် အမေရိကန်လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ထဲတွင်ပါဝင်သော အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီ ပယ်လိုစီ (Nancy Peolsi)မှ  တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ကို ဝေဖန်တိုက်ခိုက်ခဲ့ကြောင်း Economic Times မှ ဖော်ပြခဲ့သည်။

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား၏ အမွေအနှစ်သည် ထာဝရတည်တံ့ ခိုင်မြဲမည်ဖြစ်ပြီး တရုတ်သမ္မတ ရှီသည် နှစ်အနည်းငယ်အတွင်း ပျောက်ကွယ် သွားလိမ့်မည်ဖြစ်ကြောင်း ပယ်လိုစီက ပြောကြားခဲ့သည်။ 

အိန္ဒိယသို့ ၂ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိခဲ့သည့်  နန်စီပယ်လိုစီက ရှီကို မည်သူကမျှ မည်သည့် အကြောင်းနှင့် မျှ ချီးကျူးလိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဒလိုင်းလားမားနဲ့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်

“မြင့်မြတ်တဲ့ ဒလိုင်းလာမားဟာ ဗဟုသုတ၊ ရိုးရာအစဉ်အလာ၊ မေတ္တာဂရုဏာ၊ သန့်ရှင်းတဲ့ စိတ်ဝိဉာဉ်နဲ့ ချစ်ခြင်း တရားတွေနဲ့အတူ သူ့ရဲ့ အမွေအနှစ်ဟာ ထာဝရတည်ရှိနေပါလိမ့်မယ်။ ဒါပေမယ့် တရုတ်သမ္မတကြီးရေ၊ သင့်ကို ဘယ်သူကမှ ဘာအကြောင်းနဲ့မှ ချီးကျူးမှာ မဟုတ်ပါဘူး” ဟု နန်စီပယ်လိုစီက ပြောကြားခဲ့သည်။

ထို့ပြင် နန်စီပယ်လိုစီက တရုတ်ကို ဆန့်ကျင်သည့် ၎င်း၏ မှတ်ချက်စကားကို ဒလိုင်းလားမားက ထောက်ခံ လိမ့်မည် မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

“ကျမ တရုတ်အစိုးရကို ဝေဖန်ချိန်မှာ သူ (ဒလိုင်းလားမား) က အခုလို ပြောပါတယ်။ နန်စီရဲ့ အပျက်သဘော ဆောင်တဲ့ သဘောထားတွေအတွက် အပြစ်တွေကို ပြေပျောက်စေဖို့ ဆုတောင်းပေးကြစို့ဆိုပြီး သူက ပြောပါ တယ်” ဟု နန်စီပယ်လိုစီက ဒါရမ်ရှာလာ (Dharamshala) မြို့ရှိ Tsuglagkhang ဘုန်းကြီးကျောင်းတွင် မိန့်ခွန်း ပြောကြားခဲ့သည်။

ဘိုင်ဒန်နဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

အမေရိကန် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့သည် ဇွန်လ ၁၈ ရက်က အိန္ဒိယသို့ ရောက်ရှိခဲ့ပြီး ထိုနေ့မှာပင် ဟီမာချယ်လ် ပရာဒေ့ရှ် (Himachal Pradesh) ပြည်နယ်၏ ကန်ဂရာ (Kangra) လေဆိပ်တွင် ဗဟိုတိဘက် အစိုးရအဖွဲ့၏ အရာရှိများက ကြိုဆိုခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်လွှတ်တော်သည်  တိဘက်နှင့် တရုတ်အကြား ငြိမ်းချမ်းသည့် အဖြေတစ်ခု ရရှိရန် မျှော်လင့်ချက်ဖြင့် ဒလိုင်းလားမားနှင့် တရုတ်အရာရှိများ ဆွေးနွေးပွဲများ ဖြစ်မြောက်စေရန် ရည်ရွယ်ထား သည့် ဥပဒေမူကြမ်းကို အတည်ပြုခဲ့သည်။

Tibet-China Dispute Act သို့မဟုတ် Resolve Tibet Act ဟု လူသိများသည့် ထိုဥပဒေမူကြမ်းကို ဥပဒေအဖြစ် အာဏာတည်စေရန် လက်မှတ်ရေးထိုးရေးအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ထံ ပေးပို့ထား ကြောင်း သိရသည်။

Source Economic Times