CNI International New

ဒါရမ်ရှာလာ၊ ဇွန်လ ၂၂

တိဘက်လူမျိုးများကို အမေရိကန်လွှတ်တော်က ထောက်ခံကြောင်းကို အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ဟောင်း နန်စီပယ်လိုစီ (Nancy Pelosi) က ဇွန်လ ၂၁ ရက်တွင် ခိုင်မာစွာ ထပ်လောင်း အတည်ပြုခဲ့သည်ဟု The Print သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ပယ်လိုစီသည် ဇွန်လ ၁၉ ရက်က အမေရိကန်အောက်လွှတ်တော်အမတ် မိုက်ကယ် မက်ကူးလ် (Michael McCaul) ဦးဆောင်သည့် ပါတီနှစ်ရပ်ပေါင်း လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဒါရမ်ရှာလာ (Dharamshala) မြို့ရှိ တိဘက်ဘုန်းတောင်ကြီး ဒလိုင်းလားမား (Dalai Lama) ၏ နေအိမ်တွင် ဒလိုင်းလားမားနှင့် တွေ့ဆုံခဲ့သည်။

ဒါရမ်ရှာလာမြို့တွင် ဒလိုင်းလားမားနှင့် တွေ့ဆုံရန် အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် ပူးပေါင်း ပါဝင်ခွင့် ရသည့်အတွက် ဂုဏ်ယူကြောင်း ပယ်လိုစီက ပြောကြားခဲ့သည်။

"ဒီနေ့မှာ မြင့်မြတ်တဲ့ ၁၄ ပါးမြောက် ဒလိုင်းလားမား ဘုန်းတော်ကြီးနဲ့ အိန္ဒိယနိုင်ငံ၊ ဒါရမ်ရှာလာမြို့မှာ တွေ့ဆုံဖို့ အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နဲ့ ပူးပေါင်းပါဝင်ခွင့်ရတာဟာ ကျမအတွက် ဂုဏ်ယူစရာပါပဲ။ ကျမ တို့ရဲ့ တွေ့ဆုံမှုမှာ တိဘက်လူမျိုးတွေအတွက် အမေရိကန်လွှတ်တော်ရဲ့ ထောက်ခံမှုကို ကျမတို့ ခိုင်ခိုင်မာမာ ထပ်လောင်း အတည်ပြုခဲ့ပါတယ်" ဟု ပယ်လိုစီက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီပယ်လိုစီကိုတွေ့ရစဉ် 

ထိုနေ့ အစောပိုင်းကလည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi) သည် အမေရိကန်လွှတ်တော်အမတ် မက်ကူးလ် ဦးဆောင်သည့် အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

ထိုလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ထဲတွင် အမေရိကန်အောက်လွှတ်တော်၏ နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ မက်ကူးလ်၊ ပယ်လိုစီ၊ ဂရီဂိုရီ မိခ်စ် (Gregory Meeks) ၊ မရီယန်နက်တီ မီလာ မိခ်စ်(Mariannette Miller-Meeks) ၊ နစ်ကိုးလ် မယ်လီယော့တာကစ် (Nicole Malliotakis) ၊ အမ်မီ ဘာရာ (Ami Bera) နှင့် ဂျင် မက်ဂိုဗန် (Jim McGovern) တို့ ပါဝင်ခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ (S Jaishankar) ကလည်း အမေရိကန်လွှတ်တော် ကိုယ်စားလှယ် အဖွဲ့နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး အိန္ဒိယနှင့် အမေရိကန်အကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထောက်ခံပေးနေသည့် လွှတ်တော်ကိုယ်စားလှယ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ပယ်လိုစီသည် ဇွန်လ ၂၀ ရက်ကလည်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ကို ဝေဖန်တိုက်ခိုက်ခဲ့ပြီး ဒလိုင်းလားမား၏ အမွေအနှစ်သည် ထာဝရတည်တံ့ ခိုင်မြဲမည်ဖြစ်၍ ရှီသည် နှစ်အနည်းငယ်အတွင်း ပျောက်ကွယ်သွားလိမ့်မည်ဟု ပြောကြားခဲ့သည်။

Source: The Print