CNI International News
အစ္စတန်ဘူလ်၊ ဇူလိုင် ၁၁
အီရတ်နိုင်ငံရှိ ကာ့ဒ်သူပုန်ဖြစ်သည့် ကာ့ဒ်အလုပ်သမားပါတီ (PKK) အဖွဲ့၏ လက်နက်များ လွှဲပြောင်းအပ်နှံမှုကို လအနည်းငယ်အတွင်း အပြီးသတ် လုပ်ဆောင်သင့်ကြောင်း တူရကီ၏ အာဏာရပါတီ AK ပါတီက ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
PKK အဖွဲ့၏ လက်နက်များ လွှဲပြောင်းအပ်နှံမှုတွင် တူရကီထောက်လှမ်းရေးအဖွဲ့နှင့် စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့ များမှ အရာရှိများက ကြီးကြပ်သွားမည့် အစီအစဉ်ကို တူရကီ၏ ဥရောပသမဂ္ဂရေးရာဝန်ကြီး အိုမာ စီလစ် (Omer Celik) က အတည်ပြုခဲ့သည်။
“အီရတ်မှာ လက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်ကို ၃ လကနေ ၅ လအတွင်း အပြီးသတ်လုပ်ဆောင်ဖို့ လိုအပ် ပါတယ်။ အဲဒီအချိန်ထက် ကျော်လွန်သွားမယ်ဆိုရင်တော့ ရန်လိုမှုတွေ ရှိလာနိုင်ပါတယ်" ဟု စီလစ်က NTV ရုပ်သံကို ပြောကြားခဲ့သည်။
တူရကီအစိုးရနှင့် ဆယ်စုနှစ် ၄ စုကျော်ကြာ ပဋိပက္ခဖြစ်ပွားခဲ့သည့် PKK အဖွဲ့သည် မေလက ၎င်းတို့အဖွဲ့ကို ဖျက်သိမ်းပြီး လက်နက်ကိုင် ပုန်ကန်မှုကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည်။
တူရကီ၏ ဥရောပသမဂ္ဂရေးရာဝန်ကြီး အိုမာ စီလစ်ကို တွေ့ရစဉ်
အီရတ်နိုင်ငံ မြောက်ပိုင်း ဆူလေမာနီယာ (Sulaymaniyah) မြို့ရှိ PKK လက်နက်ကိုင်များသည် တူရကီ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဇူလိုင် ၁၁ ရက်တွင် ၎င်းတို့၏ လက်နက်များကို စတင်အပ်နှံမည်ဖြစ်သည်။
PKK အဖွဲ့သည် ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၈၄ ခုနှစ်မှစပြီး တူရကီ အစိုးရကို လက်နက်ကိုင် တော်လှန်မှု စတင်ခဲ့သည်။
PKK အဖွဲ့နှင့် တူရကီစစ်တပ်ကြား နှစ်ပေါင်း ၄၀ ကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၄၀,၀၀၀ ကျော်သေဆုံးခဲ့ကာ စီးပွားရေးကို ထိခိုက်စေခဲ့သလို လူမှုရေး တင်းမာမှုများ ဖြစ်ပွားစေခဲ့သည်။
Source: ရိုက်တာ