CNI International News

ဘန်ကောက်၊ဇန်နဝါရီ ၃၁

တားမြစ်ထားသည့် အငွေ့ရှုကိရိယာဖြင့် ဖမ်းမိခဲ့သော ထိုင်ဝမ် မင်းသမီးကို လွှတ်ပေးလိုက်သည့် စစ်ဆေးရေးဂိတ် မှ ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်သည် မှားယွင်းကြောင်းနှင့် မင်းသမီးကို ပြန်လွှတ်ပေးရန် ခြိမ်းခြောက်ငွေညှစ်မှုဖြင့် ၎င်းတို့ကို စုံစမ်းစစ်ဆေးနေပြီဟု ဘန်ကောက်မြို့ မက်ထရိုပိုလီတန် ရဲဗျူရို အကြီးအကဲက ပြောသည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ဗျူရိုတွင် တနင်္လာနေ့က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ဗျူရိုအကြီးအကဲ သီတီ ဆောင်ဆာဝမ် (Thiti Saengsawang)က စုံစမ်းစစ်ဆေးမှုများမှာ ရဲတပ်ဖွဲ့ဝင်များသည် တရုတ်သံရုံးရှေ့တွင် စစ်ဆေးရေးဂိတ်ဖွင့်ခဲ့ ကြောင်းနှင့် မင်းသမီးတွင် အငွေ့ရှု ကိရိယာအား လက်တွင်ကိုင်ထားသည်ကို တွေ့ခဲ့ရသည်ဟု ပြောသည်။

 ထိုင်းလာဘ်ပေးလာဘ်ယူမှုကိုတွေ့ရစဉ်

ထိုင်းနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ထိုင်ဝမ်မင်းသမီး ချာလီနီအန်း (Charlene An) က ငွေညှစ်မှုနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခဲ့ရာမှ ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထိုင်းရဲများသည် ဇန်နဝါရီ ၄ ရက်နေ့ အစောပိုင်းတွင် သူမ၏ ကားကိုတားခဲ့ပြီး ပြန်လွှတ်ပေးရန် ဘတ် ၂၇၀၀၀ တောင်းခဲ့သည်ဟု မင်းသမီးက ပြောသည်။

အငွေ့ရှု ကိရိယာကို တွေ့ခဲ့သည့် ရဲများသည် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် ယင်းကို မသိမ်းဆည်းခဲ့ဘဲ ထိုကိရိယာကို ကိုင်ဆောင်သူအား လွှတ်ပေးခဲ့သည်ဟု ဗိုလ်ချုပ်ကြီး သီတီက ပြောသည်။

ထိုရဲများသည် တာဝန်ပျက်ကွက်ခဲ့သည်ကို တွေ့ခဲ့ရကြောင်း၊ မက်ထရိုပိုလီတန်ရဲဗျူရိုသည် သက်သေများနှင့် မျက် မြင် တွေ့ရှိသူများကို စစ်ဆေးကာ စည်းမျဉ်းစည်းကမ်းနှင့် ရာဇဝတ်မှုဆိုင်ရာ အရေးယူမှုများ လုပ်ဆောင်ရန် ညွှန် ကြားထားသည်ဟုလည်း ၎င်းက ပြောသည်။

ဗျူရိုသည် သက်သေများကို ရှာဖွေနေဆဲဖြစ်သည်။ ယင်းတို့တွင် မျက်မြင်များ၏ ထွက်ဆိုချက်များ၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၏ ဝန်ခံမှု မှတ်တမ်းများအပြင် တောင်းခံခဲ့သော ငွေပမာဏအတိအကျလည်း ပါဝင်သည်။

 ဗျူရိုအကြီးအကဲ သီတီ ဆောင်ဆာဝမ် သတင်းစာ ရှင်းလင်းပွဲလုပ်နေစဉ်

သက်သေများ တိကျချိန်တွင် မည်သူကိုမှ အလျှော့ပေးခြင်း မရှိဘဲ တရားဥပဒေအရ ထိထိရောက်ရောက် အရေး ယူသွားမည်ဟုလည်း ၎င်းက ပြောသည်။
မင်းသမီးနှင့် အဖွဲ့ကို မည်သည့်အတွက်ကြောင့် စစ်ဆေးရေဂိတ်တွင် အချိန်ကြာကြာ ထိန်းသိမ်းထားရသလဲ ဆိုသည်ကို စုံစမ်းစစ်ဆေးသူများက ရှာဖွေနေကြောင်း၊ ရဲများ၏ ဦးထုပ်တွင် တပ်ဆင်ထားသော ကင်မရာ မှတ်တမ်းများ အဖျက်ခံထားရပြီး ယင်းကို တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ ဖျက်ထားခြင်း ဟုတ်/မဟုတ် စုံစမ်းနေကြောင်းလည်း ၎င်းက ပြောသည်။

မြို့တော်ခန်းမရှိ လုံခြုံရေး ကင်မရာများမှ မှတ်တမ်း ဗွီဒီယိုများကို ရရှိထားသည်ဟုလည်း သိရသည်။

ထိုဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့ဗျူရို အနေဖြင့် တောင်းပန်ရမည်ဟု ဗျူရိုအကြီးအကဲက ပြောခဲ့ကာ အခင်းဖြစ်ပွားရာ ဟွေကွမ်းခရိုင်မှ ရဲအရာရှိကို စုံစမ်းစစ်ဆေးမှုများအတွင်း တာဝန်မှ ရပ်ဆိုင်းထားရန် ရဲချုပ်မှ ညွှန်ကြားထားသည် ဟုလည်း ထိုင်းတော်ဝန်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

Source: Bangkok Post