CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၁၄

ထိုင်းနိုင်ငံတွင် ချမ်းသာသော နိုင်ငံခြားသားများကို ပစ်မှတ်ထားသည့် ပြည်ဝင်ခွင့်(ဗီဇာ)အစီအစဉ်သစ်အတွက် လျှောက်လွှာများ လျော့ပါးသွားခဲ့သဖြင့် ထိုအချင်းအရာသည် နောင်လာမည့် အလားအလာ တစ်ရပ်အဖြစ် ထိုင်း အစိုးရ တာဝန်ရှိသူများက ရှုမြင်နေကြကြောင်း South China Morning Post သတင်းစာက ရေးသားဖော်ပြသည်။

ပထမ ၁၂ ရက်အတွင်း ဗီဇာလျှောက်ထားသူပေါင်း ၄၀၀ ခန့်ရှိရာ ထိုအထဲတွင် ပင်စင်စားများ၏ လျှောက်ထားမှု ၄၀ ရာခိုင်နှုန်း ပါဝင်ကြောင်း ထိုင်းရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ လက်ထောက်အတွင်းဝန်ချုပ် နာရစ် သက်ဒစတီယာ ဆောက်ဒီက ဘန်ကောက်တွင် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ် ကိုင်ခွင့်အတွက် ဗီဇာလျှောက်သူ ၃၀ ရာခိုင်နှုန်းမှာ ကျွမ်းကျင်ပညာရှင်များနှင့် ချမ်းသာသော နိုင်ငံကြီးများမှ နိုင်ငံသားအချို့ကို ခွဲခြား၍ တွက်ချက်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။
အဆိုပါ အစီအစဉ်သည် ထိုင်းနိုင်ငံပြင်ပရှိ နိုင်ငံခြားသားများ အတွက်သာ ရည်ရွယ်ခြင်း မဟုတ်ဘဲ အခြား ပြည်ဝင် ခွင့် ပါမစ်များသုံး၍ နိုင်ငံအတွင်းသို့ ပြည်ပမှ လာရောက်နေထိုင်သူ ခန့်မှန်းခြေ ၃ သိန်းအတွက်လည်း ထည့်သွင်း တွက်ချက်ထားသည်။

ထိုအစီအစဉ်သည် ဒေသတွင်း စင်ကာပူနိုင်ငံရှိ အလုပ်သမားဈေးကွက်၌ လစ်လပ်နေရာများ ဖြည့်ဆည်းနိုင်ရန် အရည်အချင်း ရှိသူများကို ဆွဲဆောင်ဖို့ ဦးတည်ထားပုံမျိုးနှင့် မတူဘဲ နယ်ပယ် သတ်မှတ်ချက် အနေဖြင့် ကွဲပြား ခြားနားနေသည်။
“အပြုံးများနှင့်တိုင်းပြည်” ဟု အမွှမ်းတင်ထားသော ထိုင်းနိုင်ငံတွင် ငွေကြေးချမ်းသာသူများ ပြည်တွင်းသို့ လာရောက် အလုပ်လုပ်ကိုင်မှု အဆင်ပြေ လွယ်ကူစေရန် ဖန်တီးပေးခြင်းဖြင့် စီးပွားရေး မြှင့်တင်ရန် ကြိုးပမ်း နေသည်။

ပြည်တွင်းသို့ အသစ်ထပ်မံ ဝင်ရောက်လာသူများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် အိမ်ခြံမြေ ဝယ်ယူမှုတို့ကြောင့် နှစ်စဉ် ဘတ်ငွေ ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၄ ဘီလီယံ)နှင့် ညီမျှသော စီးပွားရေး အကျိုးအမြတ်များကို ထိုင်းအစိုးရက ပစ်မှတ်ထားသည်။

“ကျနော်တို့မှာ ဖော်ရွေပျူငှာတဲ့ ပတ်ဝန်းကျင်ရှိပြီးတော့ နိုင်ငံခြားသားတွေနဲ့ လက်တွဲလုပ်ကိုင်ဖို့ ပွင့်လင်းပါတယ်” ဟု လက်ထောက်အတွင်းဝန်ချုပ် နာရစ်က ရှင်းပြသည်။

ထိုင်းအစိုးရထံသို့ ဗီဇာလျှောက်ထားမှု ၂၀ ရာခိုင်နှုန်းမှာ အမေရိကန် နိုင်ငံသားများဖြစ်ကြပြီး တရုတ်က ၁၅ ရာခိုင် နှုန်း၊ ဗြိတိန်က ၁၀ ရာခိုင်နှုန်းရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

“ဒီမှာနေထိုင်မှု စရိတ်က နည်းပါတယ်” ဟု ၎င်းက ပြောသည်။

ထိုင်းခရီးသွား လုပ်ငန်းဝင်ငွေမှာ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၁၂ ရာခိုင်နှုန်းခန့် ရှိသဖြင့် ကပ်ရောဂါ အလွန်ကာလတွင် ခရီးသွားဧည့်သည်များကို ကြိုဆိုရန်အတွက် ထိုင်းအာဏာပိုင်များ အထူးကြိုးပမ်း နေကြသည်။

ယခု ဗီဇာအစီအစဉ်အရ နိုင်ငံခြားသား ဧည့်သည်များကို ၁၀ နှစ်သက်တမ်း ပြန်တိုးနိုင်သည့် မျိုးစုံသုံး ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးနေသည်။ အဆိုပါဗီဇာ ကိုင်ဆောင်ထားသူ အနေဖြင့် အလုပ်လုပ်ကိုင်ခွင့်ရှိပြီး အခွန်ဖြတ်တောက် မှုလည်း ခံရမည်ဖြစ်သည်။

ကျွမ်းကျင်ပညာရှင်များအတွက် ကိုယ်ပိုင်ဝင်ငွေခွန် ၁၇ ရာခိုင်နှုန်း ပေးဆောင်ခြင်းဖြင့် ၎င်း၏အိမ်ထောင်ဘက်နှင့် သားသမီးများအတွက် အကျိုးခံစားခွင့် ပြန်လည်ဝေငှမည်ဖြစ်သည်။

၂၀၁၈ ခုနှစ်မှစ၍ နိုင်ငံခြားသား အလုပ်သမားများကို ပစ်မှတ်ထားသည့် သီးခြား ၄ နှစ် စမတ်ဗီဇာ အစီအစဉ်အရ လျှောက်လွှာပေါင်း ၁၂၀၀ ကို အစိုးရအနေဖြင့် လက်ခံထားကြောင်း နာရစ်က ဆက်လက်ပြောကြားခဲ့သည်။

Source: South China Morning Post