CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅
တိုင်းရင်းသားစည်းလုံးညီညွတ်မှုဆိုသည့် စိတ်ဓာတ်မျိုး ဖြစ်ပေါ်လာရန်အတွက် ဒို့တာဝန်အရေး(၃)ပါးကို ပါးစပ် ကနေပဲ ပြောဆို၍မရနိုင်ဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်မှ CNI သတင်းဌာနသို့ ပြော သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသူ/သားများ အားလုံးသည် ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ ဒို့တာဝန် အရေး(၃)ပါးမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ် အခြာ အာဏာတည်တံ့ခိုင်မြဲရေး တို့ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုများအား တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုသည့် စိတ်ဓာတ် မျိုး ဖြစ်ပေါ်လာစေရန် မည်ကဲ့သို့ အကောင်အထည် ဖော်မလဲဆိုသည့်အပေါ် မူတည်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးထက်အောင်ကျော်မှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစိုးရရယ်၊ တပ်မတော်ရယ်က ပြည်သူကို ပူးပေါင်းဆောင်ရွက်မှု ရှိလာအောင် ဒါက ပိုပြီးတော့မှ လုပ် ပေးရမှာပေါ့၊ လုပ်ပေးမှပဲ ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်မှာပေါ့။ အခုလက်ရှိက မြန်မာနိုင်ငံရဲ့ အခြေအနေက နှစ်ပေါင်း မြန်မာပြည်လွတ်လပ်ရေးနဲ့ ပေါက်ဖွားလာတဲ့ တော်လှန်ပုန်ကန်မှုတွေက ဒီလွတ်လပ် ရေးနဲ့ ပေါက်ဖွားလာတာဖြစ်တဲ့ အခါကျတော့ သူတို့ဘက်မှာရော ကိုယ့်ဘက်မှာရောက အကုန်လုံး ဘက်အသီးသီး က မှားခဲ့တဲ့ ကိစ္စတွေရှိတာကို။ တစ်ဖက်ထဲကပဲမှားပြီး တစ်ဖက်ထဲကပဲ မှန်နေတာမျိုး မဖြစ်နိုင်ဘူး၊ စစ်တိုက်နေ ကြတာဆိုတော့ ပန်းနဲ့ပေါက်တာ မဟုတ်ဘူးလေ၊ ဒီအတွက်ကြောင့်မို့လို့ နာကျည်းစရာတွေက တစ်ဖက်နဲ့ တစ် ဖက် ရှိကြတဲ့သဘောရှိတာပေါ့။ ဒီအတွက်ကြောင့်မို့လို့က ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ ကုစား ပြီးတော့မှ တစ်မြေထဲနေ တစ်ရေထဲသောက် ငါတို့အားလုံးက တိုင်းရင်းသားညီအစ်ကို မောင်နှမတွေဆိုတဲ့ စိတ် ဓာတ်ပေါ့ အဓိက,က ဒို့တာဝန်အရေး(၃)ပါးထဲမှာပါတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတဲ့ဟာကို ပါးစပ်ကနေ ပြောနေတာ မဟုတ်ဘူး၊ ဆိုင်းဘုတ်ကလေး တင်နေတာမျိုး မဟုတ်ပဲနဲ့ တကယ့်ကို လူထုအားလုံးက ဒီလိုစိတ်ဓာတ်မျိုး ခံစားသွားရအောင် ဘယ်လိုပုံစံမျိုး အကောင်အထည် ဖော်နိုင်မလဲပေါ် မူတည်ပြီးတော့မှ အောင်မြင် မယ် မအောင်မြင်ဘူးဆိုတာ ပြောလို့ရမယ်ပေါ့” ဟု ပြောသည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ပြည်သူများအနေဖြင့် မိမိဒေသအား တည်ငြိမ်အေးချမ်း လုံခြုံစွာရှိစေချင်သည့် စိတ်ဆန္ဒ ပိုမိုများပြားလျှင် အစိုးရနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့က ဒေသတစ်ခုနဲ့တစ်ခုက အခြေအနေတွေက မတူကြဘူး၊ ဥပမာ ဆိုကြပါစို့ တပ်မတော်ဘက် က လုံခြုံရေးအဖွဲ့ကပေါ့နော်။ လုံခြုံရေးအဖွဲ့ကနေပြီးတော့ ပေါင်းစပ်ညှိနှိုင်းနိုင်တဲ့ စွမ်းရည်တွေပေါ်မှာလည်း မူတည်တယ်၊ မူတည်တဲ့အခါကျတော့ ဒီတိုင်းရင်းသားပြည်သူတွေက ကိုယ့်ဒေသကိုယ် တည်တည်ငြိမ်ငြိမ် လုံလုံခြုံခြုံနဲ့ ရှိစေချင်တဲ့ဆန္ဒ ပိုမိုများပြားတယ်ဆိုလို့ရှိရင် ပူးပေါင်းရတာ လွယ်တာပေါ့နော်၊ ပြောချင်တာကတော့ ဘယ်ဒေသမဆို တည်ငြိမ်အေးချမ်းမှုက ပြည်သူ့အတွက်ကို ကောင်းကျိုးထက် ဆိုးကျိုးကို သွားနေတဲ့ဟာသည် ပြည်သူတွေ နားလည် သဘောပေါက် လာလို့ရှိရင် ပူးပေါင်းရတာ လွယ်ကူလိမ့်မယ်၊ အဲ့လိုလွယ်ကူတဲ့အခါမှလည်း ကျနော်တို့ တာဝန်ရှိသူတွေ အနေနဲ့ကလည်း သူတို့ရဲ့စွမ်းဆောင်ရည်နဲ့ နည်းလမ်းကတော့ အစုံသုံးကြမှာပေါ့နော် လူချင်းတွေ့ဆုံတဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေ များစွာရှိပါလိမ့်မယ် မြေပြင်ရဲ့ အနေ အထားတွေမှာ အခြေတည်လိမ့်မယ်” ဟု ပြောသည်။

လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်၌ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကတည်းက ယနေ့ချိန်ထိ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား ပြည်တွင်းစစ် ဖြစ်ပွားနေသည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းတွင် ပိုမို ပြင်းထန်သော လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွား လာနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပျက်ပြားနေပြီး ပြည်ထောင်စု ပြိုကွဲရေး အခြေ အနေသို့ ရောက်ရှိလာနေသည်ကို သတိပြုကြရန် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
