CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် ရွေးကောက်ပွဲ ပြုလုပ်ရာတွင် ပါတီစုံဒီမိုကရေစီအစား တစ်ပါတီစနစ်ဖြင့် သွားမည်ဆိုပါက အကွဲကွဲအပြားပြားဖြစ်နေသည့် လက်ရှိကာလမျိုး၌ မဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က CNI သတင်းဌာနသို့ ပြောသည်။
တစ်ပါတီစနစ် ဆိုသည်မှာ တိုင်းပြည်တစ်ခုကို နိုင်ငံရေး (လမ်းစဉ်) အယူအဆ တစ်မျိုးတည်းကျင့်သုံး၍ ပါတီ တစ်ခုတည်းမှ အုပ်ချုပ်သည့်စနစ်ဖြစ်ပြီး ပါတီခေါင်းဆောင်(သို့မဟုတ်) ပါတီ၏ ဗဟိုအာဏာပိုင်အဖွဲ့က တိုင်းပြည်အာဏာအား ဆုပ်ကိုင်ထား၍ အုပ်ချုပ်ခြင်းဖြစ်သည်။
လက်ရှိ ဒီမိုကရေစီစနစ်တွင် ကျင့်သုံးသည့်အတိုင်း လွှတ်တော်၊ တရားရုံးချုပ် အစရှိသည့် အဆောက်အဦးများ၊ လုပ်ငန်းတာဝန်များအားလုံး ပြည့်စုံစွာ ပါဝင်သော်လည်း အစစ်အမှန် အာဏာရှိသူမှာ တိုင်းပြည်ကို အုပ်ချုပ်နေ သည့် ပါတီသာဖြစ်သည်။
SNLD မှ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က “ကျနော်တို့ကတော့ ပါတီစုံဒီမိုကရေစီဖြစ်အောင် ကြိုးစားခဲ့ကြတဲ့ လူတွေပဲ။ လက်ရှိ အခြေအနေအတိုင်း ကြည့်လိုက်ရင် တစ်ပါတီစနစ်ဖြစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခုလက်ရှိ အခြေအနေ က ဒီလောက် အကွဲကွဲအပြားပြား သူတစ်လူ ငါတစ်မင်းဖြစ်နေတဲ့ ကာလမျိုးမှာ တစ်ပါတီတည်းဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။
နိုင်ငံရေးပါတီများနဲ့ နစကဥက္ကဋ္ဌကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ဦးနေဝင်းက ၁၉၇၄ ခုနှစ်မှစကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ပါတီတည်းက အုပ်ချုပ်ခဲ့ သဖြင့် တစ်ပါတီစနစ်ဖြင့် ဖြတ်သန်းခဲ့ဖူးသည်။
မြန်မာနိုင်ငံမှ ပြည်သူလူထုသည် တစ်ပါတီစနစ်၏ တင်းကြပ်သော စည်းမျဉ်းစည်းကမ်းအောက်တွင် နေထိုင်ခဲ့ ရဖူးသည့်အတွက် ဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ကြကြောင်း၊ ဒီမိုကရေစီအနှစ်သာရကို ခံစားရသည်မှာ သိပ်မကြာသေးကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးရေး အားလုံး သဘောတူထားပြီးဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် နိုင်ငံရေးသမားများအနေဖြင့် ပြည်သူ့မျက်နှာကြည့်၍ အလုပ်လုပ်စေချင်ကြောင်း ၎င်းက ပြောသည်။
ဦးစိုင်းဋ္ဌေးအောင်က “တစ်ပါတီရဲ့ တင်းကြပ်သော စည်းမျဉ်းစည်းကမ်းတွေအောက်မှာ ပြည်သူတွေ နေထိုင်ခဲ့ပြီး ပါပြီ။ ဒါကလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အင်မတန်မှ နောက်ကျခဲ့ပါတယ်။ စနစ်မှားတာလား လုပ်ဆောင်တဲ့ လူ မှားတာလားဆိုတာ မပြောလိုဘူးပေါ့။ နောက် ပါတီစုံ ရောက်လာတဲ့အခါကြတော့ ပါတီတွေ ဒီမိုကရေစီ အရသာကို ၂၀၁၀ ကနေ ၂၀၂၀ အထိကို ပြည်သူလူထုက ၁၀ နှစ်တာအတွင်းမှာ ဒီမိုကရေစီအရသာလေးကို စပြီး မြည်းစမ်းကြည့်ရုံလေးမှာ လွတ်လပ်မှုတွေ ပိုပြီး ပေါ်လာတာပေါ့။ ပြည်သူပြည်သူလို့ ပြောပေမယ့် နိုင်ငံရေးသမား တွေက ဆုံးဖြတ်သွားတာ ဖြစ်တဲ့အတွက် ပြည်သူ့မျက်နှာကြည့်ပြီးမှ အလုပ်လုပ်စေချင်တယ် နိုင်ငံရေးသမားတွေ အနေနဲ့။ အခုကျနော်တို့ မြန်မာနိုင်ငံဆို ဒီမိုကရေစီရရှိတာ သိပ်မကြာသေးပါဘူး။ ပါလီမန်ဒီမိုကရေစီ ကျင့်သုံးရင်း အရင်းရှင်ဒီမိုကရေစီ ဖြစ်လာတယ်။ မဆလခေတ်မှာ ကျင့်သုံးလာတဲ့ ဆိုရှယ်ဒီမိုကရေစီ ဒါပေမယ့် ဒီမိုကရေစီ အရသာ မရှိပါဘူး။ လောလောဆယ် အခြေအနေကတော့ ဒီမိုကရေစီကျင့်သုံးရင်း ဒီမိုကရေစီဖက်ဒရယ်စနစ်ကို ကျင့်သုံးမယ်လို့ အားလုံး သဘောတူထားပြီးသား ဖြစ်ပါတယ်” ဟု ပြောသည်။
UWSA တပ်ဖွဲ့ကိုတွေ့ရစဉ်
ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ၎င်းတို့အား ကိုယ်စားပြုသူကို ကိုယ်တိုင် ရွေးချယ်အုပ်ချုပ်စေသော စနစ် ဖြစ်ပြီး ဖက်ဒရယ်စနစ်ဆိုသည်မှာ စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆ သဘောတရားဖြစ်၍ ပေါင်းစည်း နေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်သည်။
နစကဥက္ကဋ္ဌအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်နေ့က နိုင်ငံရေးနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နေမှုအပေါ် တပ်မတော်အနေဖြင့် လက်ခံသဘောတူညီပြီး အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးသည် နိုင်ငံရေး ရည်မှန်းချက်ဖြစ်ကြောင်း ပြောဆိုဖူးသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး နယ်မြေသိမ်းပိုက်ကာ အာဏာတည်ဆောက်မှုများပြုလုပ်၍ အုပ်ချုပ်ရေးထူထောင်နေကြ၍ ပါတီစုံဒီမိုကရေစီ စနစ်နေရာမှာ စစ်ဘုရင်ဝါဒများ ထွန်းကားလာမည်ကို စိုးရိမ်နေကြသည်။