CNI News

၂၀၂၅ ခုနှစ်၊ မေလ ၂၇

မြန်မာနိုင်ငံတွင် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ကျယ်ပြန့်နေခြင်းနှင့် သဘောထား ကွဲလွဲမှုများ များပြားနေ သော နိုင်ငံအား စုစည်းနိုင်ရေးအတွက် တစ်ပါတီစနစ်ဖြင့် သွားပါက ဖြေရှင်းနိုင်မည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က စဉ်းစား၍ ချပြလာခဲ့သည်။

နိုင်ငံရေးတည်ငြိမ်ရန် လက်နက်ကိုင်လာရသည့် အကြောင်းအရင်းအား ရှာမည်ဆိုပါက တစ်ခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်ရမည်ဖြစ်ကြောင်း၊ ထိုလက်နက်ကိုင်အဖွဲ့အစည်းအား ထိန်းချုပ်နိုင်သည့် ပါတီတစ်ခုလိုအပ်ကြောင်း၊ ထိုပါတီတွင် ပြည်မနှင့် တိုင်းရင်းသားများ အားလုံးပါဝင် ရမည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က CNI  သတင်းဌာနသို့ ပြောသည်။

ထို့ပြင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်အား အခြေခံဥပဒအရ ရနိုင်စေရန် ဖွဲ့စည်းစည်းနှောင်ထားပြီးဖြစ်သောကြောင့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းနိုင်ကြောင်း၊ ထိုသို့ စဥ်းစားမိပါက တစ်ပါတီစနစ်သည် မြန်မာ့နိုင်ငံရေးတွင် စဥ်းစားသင့်သည့် ဦးစား‌ပေးတစ်ခု ဖြစ်လာမည်ဟု ၎င်းက ပြောသည်။

ဒေါက်တာအေးမောင်က “ကျနော်တို့ ဦးတည်ချက်က ကျနော်တို့ စဥ်းစားတာက နိုင်ငံရေးတည်ငြိမ်မှု၊ နိုင်ငံရေး တည်ငြိမ်မှု မရှိဘဲနဲ့ လက်နက်ကိုင်ပဋိပက္ခ ရှိနေသမျှ ကာလပတ်လုံး နိုင်ငံဟာ ဒီအတိုင်းဖြစ်နေမှာပဲ၊ အဲဒီတော့ နိုင်ငံရေး တည်ငြိမ်အောင် လက်နက်ကိုင်လာရတဲ့ အကြောင်းအရင်းကို ရှာပြီးတော့ အဲဒီအကြောင်းအရင်းကို အဖြေရှာမယ်ဆိုရင် တစ်ခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်ရမယ်၊ အဲဒီတစ်ခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းကို စည်းနှောင်အား ကောင်းကောင်းနဲ့ မောင်းနှင်နိုင်တဲ့ တစ်နည်းအားဖြင့် ထိန်းချုပ် နိုင်တဲ့ ပါတီကြီးတစ်ခု လိုအပ်တယ်၊ အဲဒီပါတီက အားလုံးပါဝင်ရမယ်၊ တိုင်းရင်းသားအားလုံး ပါဝင်ရမယ်၊ ပြည်မ ကလည်း ပါဝင်ရမယ်၊ အဲဒီလို ပါတီမျိုးဖြစ်အောင် ကျနော်တို့ ညှိနှိုင်းနိုင်မှာလား၊ အဲဒီတော့ အမျိုးသားညီညွတ်မှု တစ်ခုကိုရရင် နိုင်ငံရေးတည်ငြိမ်မှုရမယ်၊ နိုင်ငံရေးတည်ငြိမ်မှုရရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ခြေလှမ်းကို လှမ်းနိုင်တယ်၊ အဲဒီလိုမျိုး စဥ်းစားမယ်ဆိုရင် နိုင်ငံအသစ်ကြီးတစ်ခု ပဋိပက္ခ မေ့တာပေါ့ဗျာ၊ တိုင်းရင်းသားများရဲ့ Self-Determination ဆိုတာက အခြေခံဥပဒေအရ ရနိုင်အောင် ကျနော်တို့က ဖွဲ့စည်း စည်းနှောင်ထားပြီးပြီလေ၊ အဲဒီလိုဆိုရင် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းမှာလား၊ ဒါစဥ်းစားသင့်တယ်ဆိုတဲ့ ဥစ္စာမျိုး စဥ်းစားမိရင် တစ်ပါတီ စနစ်သည် မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ စဥ်းစားသင့်တဲ့  ဦးစားပေးတစ်ခု ဖြစ်လာမှာပေါ့” ဟု ပြောသည်။

ဒေါက်တာအေးမောင်ကို တွေ့ရစဉ်

တစ်ပါတီစနစ်ဆိုသည်မှာ တိုင်းပြည်တစ်ခုကို နိုင်ငံရေး(လမ်းစဉ်)အယူအဆ တစ်မျိုးတည်းကျင့်သုံး၍ ပါတီ တစ်ခု တည်းမှ အုပ်ချုပ်သည့် စနစ်ဖြစ်ပြီး ပါတီခေါင်းဆောင်(သို့မဟုတ်) ပါတီ၏ ဗဟိုအာဏာပိုင်အဖွဲ့က တိုင်းပြည် အာဏာအား ဆုပ်ကိုင်ထားကာ အုပ်ချုပ်ခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ ရွေးကောက်ပွဲ ကျင်းပမည်ဟု ကတိပြု ပြောဆိုထားသည့်အပြင် ပါတီစုံဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောထား၍ တစ်ပါတီစနစ် ဖြစ်လာနိုင်စရာ မရှိကြောင်း လည်း ထောက်ပြပြောဆိုမှုများ ရှိနေသည်။

ပါတီစုံဒီမိုကရေစီကို ပြည်သူက တောင်းဆိုခြင်းဖြစ်ပြီး မိမိတို့ တောင်းဆိုခြင်းမဟုတ်ကြောင်း၊ ဒီမိုကရေစီကို သွားမည်ဆိုလျှင် တည်ငြိမ်ဖို့လိုအပ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

အားလုံးပါဝင်သည့် ပါတီကြီးတစ်ခုအား စုစည်းနိုင်ရန် ညှိနှိုင်းနိုင်မည်လား၊ ပြည်ထောင်စုကြီး တစ်ခုလုံးအား ဦးဆောင်မည့် ပါတီတစ်ခုအောက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အသီးသီးအား ထိန်းချုပ်ထားသည့် ပါတီအသီးသီးသည် ပါနိုင်မည်လား ဆိုခြင်းများကို စဥ်းစားပြီးမှ နိုင်ငံအသစ်တစ်ခုသို့ သွားရမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI  သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီ ၃၂ ပါတီ တွေ့ဆုံ ဆွေးနွေးနေစဉ်

၎င်းက “လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းဖို့အတွက် စုစည်းနိုင်မှာလား၊ ၂၀၀၈ ဖွဲ့စည်းပုံကတော့ ပါတီစုံကိုပဲ အားပေးတယ်၊ ဒါပေမယ့် ကျနော်တို့ ပြန်သုံးသပ်ဖို့၊ ညှိနှိုင်းဖို့ လိုတာပေါ့၊ ဥပမာ “ဝ” UWSP ရှိမယ်၊ UWSA ရှိမယ်။ UWSP နဲ့ကျနော်တို့ စုစည်းပြီးမှ အားလုံးပေါ့ဗျာ၊ မြန်မာနိုင်ငံတစ်ခုလုံးကို စုစည်းနိုင်တဲ့ ပါတီကြီးတစ်ခုကို အားလုံး ပါဝင်တဲ့ ပါတီကြီးတစ်ခုကို စုစည်းနိုင်အောင် ညှိနှိုင်းနိုင်မှာလား၊ လက်နက်ကိုင်တွေလည်းပဲ အကုန်ပူးပေါင်းပြီးမှ ပြည်ထောင်စုကို ကာကွယ်တဲ့ တပ်မတော်တစ်ခုဖြစ်အောင် ပူးပေါင်းနိုင်မှာလား၊ ဘာနဲ့ပူးပေါင်းနိုင်မှာလဲ၊ အမျိုးသားညီလာခံကြီးတစ်ခု သွားမှာလား၊ ညှိနှိုင်းဆွေးနွေးမှုကြီး တစ်ခုကို သွားမှာလား၊ “ဝ” သည် ပါတီတစ်ခု ပါတယ် အဲဒီပါတီကိုပဲ ကျ‌နော်တို့ ပြည်ထောင်စုကြီး တစ်ခုလုံးကို ဦးဆောင်မယ့် ပါတီကြီးတစ်ခုအောက်မှာ “ဝ” သည် ပါနိုင်မှာလား၊ မိုင်းလားသည် ပါနိုင်မှာလား၊ ကိုးကန့်သည် ပါနိုင်မှာလား၊ ပလောင်သည် ပါနိုင်မှာလား၊ AA သည် ပါနိုင်မှာလား၊ မွန်သည် ပါနိုင်မှာလား၊ ဒါတွေစဥ်းစားပြီးမှ ကျနော်တို့ နိုင်ငံအသစ်တစ်ခုကို သွားဖို့လိုတာ ပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဦးနေဝင်းက ၁၉၇၄ ခုနှစ်မှစကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) တစ်ပါတီတည်းက အုပ်ချုပ်ခဲ့သဖြင့် တစ်ပါတီစနစ်ဖြင့် ဖြတ်သန်းခဲ့ဖူးသည်။

ထို့နောက် ၈၈ အရေးအခင်း ပေါ်ပေါက်လာပြီး မဆလ ဖျက်သိမ်းခဲ့ရသလို ဦးနေဝင်းလည်း ရာထူးမှ ဆင်းသွားခဲ့ ကြောင်း၊ အလားတူ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း ပျက်သွားခဲ့ရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး နယ်မြေသိမ်းပိုက်ကာ အာဏာတည်ဆောက်မှုများပြုလုပ်ပြီး အုပ်ချုပ်ရေးထူထောင်နေကြ၍ ပါတီစုံဒီမိုကရေစီ စနစ်နေရာမှာ စစ်ဘုရင်ဝါဒများ ထွန်းကားလာမည်ကို စိုးရိမ်နေကြသည်။