CNI News

၂၀၂၅ ခုနှစ်၊ မေလ ၂၇

မိမိတို့သည် ပြည်ထောင်စုနိုင်ငံတော်ဖြစ်သဖြင့် နိုင်ငံတော်မှပြဋ္ဌာန်းထားသည့် ရုံးသုံး ဘာသာစကားနှင့် စာပေကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတ်မြောက်ထားရှိရန်လိုအပ်မည်ဟု အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တြိဂံတိုင်းစစ်ဌာနချုပ်တွင် NDAA မှ ဒုဥက္ကဋ္ဌ ဦစန်ပေ့၊ ဒုဥက္ကဋ္ဌ ဦဆန်လူ၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌ တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိတို့သည် ပြည်ထောင်စုနိုင်ငံတော်ဖြစ်သဖြင့် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ရုံးသုံးဘာသာစကားနှင့်စာပေကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတ်မြောက်ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးကဏ္ဍတွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်ထောင်စု စနစ်ပညာရေးကို သင်ကြားရမည်”ဟု ပြောသည်။

 မိုင်းလားဒေသရှိ စာသင်ကျောင်းကို တွေ့ရစဉ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅၀ တွင် မြန်မာစာသည် ရုံးသုံးစာ ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ 

မြန်မာစာဟုဆိုကာတွင် ဗမာလူမျိုးများ၏ ဘာသာစကားနှင့် စာပေဖြစ်နေခြင်းကြောင့် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများက ၎င်းတို့၏ ဘာသာစကားနှင့် စာပေများကိုလည်း ရုံးသုံးစာအဖြစ် သတ်မှတ် ပြဋ္ဌာန်း ပေးရန် တောင်းဆိုလျက်ရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂ (က)တွင် နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမျုတို့ ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်ဟု ပြဋ္ဌာန်းထားသည်။

ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုမြန်ဆန် ချောမွေ့စေရေးအတွက် ကူညီဆောင်ရွက်ပေးစေလို ကြောင်း၊ မိမိတို့ ဒေသအတွင်း ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အနေဖြင့် ဆက်လက် ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်း‌ရေး လုပ်ငန်းရပ်များအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု NDAA ဒုဥက္ကဋ္ဌ ဦးစန်ပေ့က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ NDAA ကိုယ်စားလှယ်များ တွေ့ဆုံစဉ်

၎င်းက “မိမိတို့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလား)၏ သဘောထားခံယူချက် အနေဖြင့် နှစ် ၃၀ ကျော် ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မျ ချမှတ်ထားသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး စသည့် တို့တာဝန်အရေးသုံးပါးအတွက် အဓိကထား ဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြောသည်။

NDAA သည် ဗမာပြည်ကွန်မြူနစ် ပါတီကနေ ခွဲထွက်၍ တပ်မတော်နှင့် ၁၉၈၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် ငြိမ်းချမ်းရေး ယူခဲ့ရာ တပ်မတော်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မိုင်းလားဒေသကို ဗဟိုပြု၍ အထူးဒေသ(၄) အဖြစ် သတ်မှတ်ပေးခဲ့သည်။

အဆိုပါ အထူးဒေသ(၄)တွင် ဗမာစကားနှင့် ကျပ်ငွေထက် တရုတ်စကားနှင့် တရုတ်ငွေကြေးကို အဓိကထား အသုံးပြု လျက်ရှိသည်။

သို့သော် အထူးဒေသ(၄)တွင် ရှမ်း၊ အာခါ၊ လားဟူး၊ “ဝ”၊ ဗမာ၊ ကိုးကန့်၊ တရုတ် အပါအဝင် တခြားသော လူမျိုးများ လည်း နေထိုင်လျက်ရှိသည်။