CNI International News

ဂျကာတာ၊ ဧပြီ ၈

အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ရာထူးကို ရယူပြီးချိန်မှစ၍ လက်ရှိ မြန်မာ့နိုင်ငံရေး ပဋိပက္ခ အတွက် လူသားချင်း စာနာမှု အကူအညီများ ထောက်ပံ့ပေးရေးကိစ္စတွင် တိုးတက်မှုတချို့ ဆောင်ရွက်နိုင်ခဲ့သည် ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောသည်ဟု CNA သတင်းမှာ ဖော်ပြထားသည်။

အင်ဒိုအစိုးရသည် သွေးထွက်သံယိုမှုများနှင့် အင်အား အသုံးပြုမှုများကို အဆုံးသတ်ရေး ဆက်လက် တောင်းဆို ထားကာ အရပ်သား သေဆုံးမှု များပြားလာခြင်း အတွက်လည်း စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်ဟု သူမက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောသည်။

အာဆီယံအဖွဲ့ ခေါင်းဆောင် ရာထူးကို ရရှိခဲ့ပြီးနောက် အင်ဒိုနီးရှားသည် ပြီးခဲ့သည့် သုံးလတာ ကာလပတ်လုံး မြန်မာသို့ လူသားချင်း စာနာမှု အကူအညီများ ပေးရေးအတွက် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူ အားလုံးနှင့် ဆက်သွယ်ရေးများ ပြန်လည် ဖွင့်လှစ်နိုင်ရန်၊ ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ရေးတို့တွင် ပါဝင်ကူညီခဲ့သည်ဟု မာဆူဒီက ပြောသည်။

၎င်းက အာဆီယံ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေး ရေး ညှိနှိုင်းဆောင်ရွက်မှုစင်တာ (AHA Centre) အတွက် လူမျိုးရေး၊ ဘာသာရေး သို့မဟုတ် နိုင်ငံရေး ခံယူချက်တို့ နှင့် မသက်ဆိုင်ဘဲ မြန်မာနိုင်ငံတွင်းရှိ လိုအပ်နေသူများထံ အကူအညီများ ထောက်ပံ့ပေးနိုင်ရန် ဖြစ်စေခဲ့သည်။

အင်ဒိုနီးရှား၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ဦးဝဏ္ဏမောင်လွင်ကိုတွေ့ရစဉ်

AHA Centre မှတစ်ဆင့် အကူအညီများ ပေးအပ်ခြင်းသည် ဘုံသဘောတူညီချက် ၅ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ထဲက တစ်ခု ဖြစ်သည်။

ထိုသို့သော တိုးတက်မှုများသည် အခက်အခဲမှ ကျော်လွှားနိုင်ခြင်း ဖြစ်သည်ဟု မာဆူဒီက ပြောသည်။

အင်ဒိုနီးရှား၏ ပါဝင်ကူညီမှုဖြင့် AHA Centre သည် ယခင်က မတွေ့ဆုံခဲ့ဖူးသည့် ပါဝင် ပတ်သက် နေသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ပြောသော်လည်း ပါဝင် နေသူများသည် မည်သူမည်ဝါ ဖြစ်သူကတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

အင်ဒိုနီးရှားသည် ယခုနှစ် အစောပိုင်း အာဆီယံခေါင်းဆောင် နေရာအား ကမ္ဘောဒီယားထံမှ လွှဲပြောင်းရယူပြီးချိန် မှ စတင်ကာ မြန်မာ့နိုင်ငံရေးပဋိ့ပက္ခအား ဖြေရှင်းပေးရန် ဦးစီး ဆောင်ရွက်ခဲ့သည်။

အင်ဒိုသည် ထိုကိစ္စတွင် ကမ္ဘောဒီယားထက် ပိုမို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟုလည်း လေ့လာသူများက သုံးသပ်ထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ခဲ့သည့် မြန်မာ့နိုင်ငံရေး ပဋိပက္ခကြောင့် လူပေါင်း ၁ ဒသမ ၄ သန်းကျော် နေ ရပ် စွန့်ခွာခဲ့ရပြီး မြန်မာ့လူဦးရေ ၅၅ သန်း၏ ၄၀ ရာခိုင်နှုန်းနီးပါးသည် ဆင်းရဲမွဲတေမှုလိုင်းအောက် ရောက်ရှိနေ သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
ဒုက္ခသည် ရာပေါင်းများစွာသည်လည်း အိမ်နီးချင်း အာဆီယံ နိုင်ငံများသို့ ထွက်ပြေးလာခဲ့ပြီး ဖြစ်သည်။

အာဆီယံကိုတွေ့ရစဉ်

အင်ဒိုနီးရှားသည် ဘုံသဘောတူညီချက် ၅ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း မာဆူဒီက ပြောသည်။

ထို ၅ ချက်တွင် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ရှာဖွေရေး အပြုသဘောဆောင် သည့် ဆွေးနွေးမှုများ ပြုလုပ်ရန်၊ လူသားချင်း စာနာမှု အကူအညီများ ထောက်ပံ့ရန်တို့ ပါဝင်သည်။

အင်ဒိုအစိုးရသည် မြန်မာနှင့် ပတ်သက်သည့် တိုးတက်မှုများကိုလည်း ပြီးခဲ့သည့်လ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် မျှဝေခဲ့ပြီးလည်း ဖြစ်သည်။

Source: CNA