CNI International News
ဂျာကာတာ၊ ဒီဇင်ဘာ ၆
ယခုလကုန်ပိုင်းတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် ထိုင်းတွင် ဝန်ကြီးအဆင့် အစည်းအဝေးပြုလုပ်ပြီး မြန်မာ့အရေးကို ဆွေးနွေးရန် စီစဉ်နေကြောင်း အင်ဒိုနီးရှားက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် လာအိုနိုင်ငံ၏ ဖိတ်ကြားချက်အရ အစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် မြန်မာ့တပ်မတော်က အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် ဖြစ်ပွားခဲ့သည့် နိုင်ငံရေး အကျပ်အတည်း အား အဖြေရှာရေးနှင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်တို့ကို ဆွေးနွေးသွားမည်ဟု အင်ဒိုနီးရှား နိုင်ငံခြား ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရွိုင်း ဆိုမီရတ် (Roy Soemirat) က သတင်းထောက်များကို ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
မြန်မာ့တပ်မတော်က အာဏာရယူခဲ့ပြီးနောက် လအနည်းငယ် အကြာဖြစ်သည့် ဧပြီလတွင် အာဆီယံ၏ ဘုံသဘောတူညီချက်ကို ထုတ်ပြန်ခဲ့သော်လည်း တိုးတက်မှု အနည်းငယ်သာရရှိခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို တွေ့ရစဉ်
မြန်မာ့တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများကမူ ရန်လိုမှုများကို ရပ်တန့်ပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ကြ သည်။
အောက်တိုဘာလက ပြုလုပ်သည့် အာဆီယံ အစည်းအဝေးတွင်လည်း အာဆီယံက အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန်၊ မြန်မာက ဦးဆောင်သည့် အမျိုးသားရေးအဆင့် ဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့ ကြသည်။
ထိုင်းတွင် ပြုလုပ်မည့် အစည်းအဝေးကို ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ရန် မျှော်မှန်းထားကြောင်း ရွိုင်းက ပြောကြားခဲ့ပြီး ထိုအစည်းအဝေးကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မည်ဟု ဆိုသည်။
Source: ရိုက်တာ