CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃

လာမည့် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့အလွန်၌ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ် လာနိုင်သလားဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းနှင့် သံတမန်အသိုင်းအဝိုင်းကြား သုံးသပ် ဆွေးနွေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြည်လည်လွတ်မြောက်လာရေးမှာ နစကနှင့် အပေးအယူအပေါ် မူတည်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီဟာကတော့ ကျနော်ခုနက ပြောတဲ့ဟာပဲ ပြန်ပြောရမှာပေါ့၊ နိုင်ငံရေး မိုးလေဝသပေါ့ဗျာ၊ ဒေါ်အောင် ဆန်းစုကြည်ရဲ့ လက်ရှိ အခြေအနေအပေါ် သုံးသပ်ချက် နောက်ပြီး သူ့ရဲ့ ပါဝင်နိုင်မှုပေါ့၊ သူ့ရဲ့ Constitution ပေါ့၊ အပေးအယူပေါ့ဗျာ၊ အဲဒါတွေက ပြဿနာရှိတယ်လို့ ထင်တယ်။ အဲဒီဟာတွေကို ရှင်းနိုင်ရင် တော့ သူလည်းပဲ တိုင်းပြည် ပြန်လည်ထူထောင်တဲ့ နေရာမှာ ပြန်ပါလာမှာပေါ့။ အပေးအယူ မသင့်သေးဘူး။ အပေးအယူ မတည့် သေးဘူးဆိုရင်လည်း ဒီ Position နဲ့ပဲ ဆက်သွားမယ့် သဘောရှိတာပေါ့၊ ကျနော် အဲဒီလိုပဲ တွက်ပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ကျခံနေရပြီး သြဂုတ်လ ၁ ရက်နေ့မှာ အမှု ၅ မှုအတွက် ၆ နှစ် လွတ်ငြိမ်းသက်သာခွင့်ရခဲ့ခြင်းကြောင့် ထောင်ဒဏ် ၂၇ နှစ် ဆက်လက် ကျခံရန် ကျန်ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာရန် မိမိတို့အနေဖြင့် မျှော်လင့်ကြောင်း သို့သော်လည်း လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ပြန်လည်ဝင်ရောက်ရန် အခက်အခဲရှိနိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုး များမဟာမိတ် (UNA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်ထင်တယ်၊ သူနိုင်ငံရေးထဲ ပြန်ဝင်လာရင်တော့ သူ့အတွက်လည်း အများကြီး စိန်ခေါ်မှုတွေ ရှိ တယ်ပေါ့ဗျာ၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်စောစောက ပြောသလိုပေါ့။ အသက်အရွယ်အားဖြင့်လည်း အရမ်း ကြီးနေတဲ့ အမယ်အိုတစ်ယောက်ကို ဒီထဲမှာ ထည့်ပြီးတော့ နိုင်ငံရေးကွင်းထဲမှာ ထပ်ရောက်လာလို့လည်း ကျနော် ထင်တယ်၊ အခုချိန်မှာ အခက်အခဲ ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ ကျနော်အနေနဲ့က လွတ်လာတယ်ဆိုတောင်မှ သူ နိုင်ငံရေးထဲမှာ မဝင်ဘဲနဲ့ပဲ သွားသင့်တယ်လို့ ကျနော်ကတော့ အဲဒီလိုပဲ မြင်တယ်၊ သူဝင်လာခြင်းအားဖြင့် သူ့ရဲ့မူနဲ့ ဒီနေ့ ဒီဖက်မှာ ဒီ NUG တို့၊ CRPH တို့ဆိုတာ သူ့ရဲ့ မူနဲ့ရော ကိုက်ညီပါ့မလားပေါ့နော်၊ အဲဒီတော့ အချင်းချင်း ကွဲ တာ၊ ပြဲတာနဲ့ မလိုလားအပ်တဲ့ဟာတွေက သူ့ရဲ့ ကောင်းဂုဏ်သတင်းကိုလည်း ထိခိုက်နိုင်တယ်လို့ပဲ ကျနော်က တော့ မြင်ပါတယ်လို့” ဟု ပြောသည်။

NUG နဲ့ PDF ရဲဘော်များကို တွေ့ရစဉ်

ပြည်တွင်း/ပြည်ပ သံတမန်အသိုင်းအဝိုင်းကြားမှာတော့ ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေးနေ့အလွန် လွတ်မြောက်လာနိုင်သလို နေအိမ်အကျယ်ချုပ် ပြန်ပို့နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အပြောင်းအလဲကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ခေါင်းဆောင်များဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် ပါတီဝင် အချို့ကို ဖမ်းဆီးထိန်းသိမ်းထားသည်။

တခြားတစ်ဖက်မှာတော့ NLD လွှတ်တော်အမတ်များနှင့် ဒီမိုကရေစီအရေး တောင်းဆိုသူများက အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ ဖွဲ့စည်းကာ မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး လက်နက်ကိုင် တိုက်ခိုက်လျက်ရှိသည်။