CNI News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၆

တရုတ်-မြန်မာနယ်စပ်မှာရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များသည် လက်နက်ခဲယမ်း များထုတ်လုပ်ပြီး  PDF များကို ထောက်ပံ့ခြင်းနှင့်ရောင်းချခြင်းများ လုပ်နေသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၄ ခုနှစ်၊ သြဂုတ် ၅ ရက်နေ့က နိုင်ငံတော်၏ လုံခြုံရေးအခြေအနေနှင့်ပတ်သက်ပြီး ပြည်သူလူထုအား ရှင်းလင်းအသိပေးပြောကြားသည့် မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ EAO နယ်မြေအချို့မှာ လက်နက်ခဲယမ်း မီး ကျောက် စက်ရုံများ တည်ထောင်ထားပြီး လက်နက်များ၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်နေတာ ကို သိရှိရပါတယ်။ အဲဒီ လက်နက်စက်ရုံတွေက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေကို PDF အမည်ခံ အကြမ်း ဖက်သမားတွေနဲ့ အခြား EAO အဖွဲ့တွေကို ထောက်ပံ့တာတွေ၊ ရောင်းချတာတွေ ပြုလုပ်နေတာကို တွေ့ရှိရပါ တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိတဲ့ လက်နက်တွေ၊ ခဲယမ်းအများစုဟာလည်း အဲဒီစက်ရုံထဲက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းများ ဖြစ်တာကိုလည်း တွေ့ရှိရပါတယ်”ဟု ပြောသည်။

မန္တလေးတိုင်းထဲမှာ လက်နက်ခဲယမ်းများ ဖမ်းမိစဉ်

အဆိုပါ လက်နက်ခဲယမ်း မီးကျောက် စက်ရုံများ ထူထောင်ဖို့ဆိုသည်မှာ သာမန် အခြေအနေနှင့်မရကြောင်း၊ ငွေကြေးအင်အားနှင့် နည်းပညာ အင်အားများ များစွာလိုအပ်ကြောင်း၊ ထိုစက်ရုံများ လည်ပတ်ဖို့ ငွေကြေးနှင့် နည်းပညာ အင်အား ဘယ်နေရာက ရရှိသည်လဲဆိုခြင်းကိုလည်း ဆန်းစစ်သွားရမှာဖြစ်သည်ဟု ၎င်းက ပြော သည်။

တရုတ်-မြန်မာ နယ်စပ်တွင် အခြေစိုက်လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့များမှာ ကချင်လွတ်လပ်ရေးတပ် မတော်(KIA)၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-မိုင်းလား(NDAA)၊ ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP) တို့ဖြစ်သည်။

ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် KIA နှင့် UWSA သည် လက်နက်ခဲယမ်း ထုတ်လုပ်သည့် စက်ရုံများ ရှိကြသည်။ 

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး တို့တွင် ဖမ်းဆီးရမိသော လက်နက်ခဲယမ်းများမှာ KIA နှင့် UWSA မှ ထုတ်လုပ်သည့် လက်နက်ခဲယမ်းများ ဖြစ်ကြောင်း စစ်ရေးအကဲ ခတ် တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်ဘက်မှာ လက်နက်ခဲယမ်းများ ဖမ်းမိစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ KIA အဖွဲ့ဟာဆိုရင် ၂၀၂၁ ခုနှစ်လောက်ကတည်းက စစ်ကိုင်းတိုင်းဒေသ ကြီး အထက်ပိုင်းမှာရှိတဲ့ PDF တွေကို လက်နက်များ တပ်ဆင်ပေးတာတွေ၊ အကြမ်းဖက် စစ်သင်တန်းပေးတာ တွေကို လုပ်ဆောင်လာခဲ့ပြီး နယ်မြေမငြိမ်မသက် ဖြစ်အောင် ပုံဖော်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ စပ် ဆက် နယ်မြေများမှာလည်း PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေရဲ့ ပြည်သူ့အသက် အိုးအိမ်နဲ့ မြို့ရွာများ ဖျက်ဆီး နေမှုရဲ့ အဓိက အရင်းအမြစ်ဟာ KIA အဖွဲ့ကြောင့်ဖြစ်ကြောင်း တွေ့ရှိပါတယ်”ဟု ပြောသည်။

လက်နက်ကိုင် ပဋိပက္ခ သက်ဆိုးရှည်ရေးနှင့် မြန်မာနိုင်ငံအပေါ် သူတို့လိုချင်သည့် လက္ခဏာမျိုးရရှိစေရန် အတွက် လက်နက်ကိုင်ထားသူများကို ငွေကြေး၊ အစားအသောက်၊ ဆေးဝါး၊ လက်နက်ခဲယမ်း၊ နည်းပညာ၊ အုပ်ချုပ်ထောက်ပံ့မှု စသည်များကို ထောက်ပံ့ကူညီပေးခဲ့သည်ဟု ၎င်းက ပြောသည်။

ထို့နောက် မြန်မာနိုင်ငံတောင်ပိုင်း ဒေသမှာရှိသည့် လက်နက်ကိုင်အဖွဲ့များ ကိုင်ဆောင်နေသည့် လက်နက်များ သည် ထိုင်း-မြန်မာ နယ်စပ်မှောင်ခိုလမ်းကြောင်းကနေ တင်သွင်းလာသော လက်နက်များဖြစ်ကြောင်း၊ EAO အဖွဲ့များနှင့် PDF များ ကိုင်ဆောင်နေသည့် ဆက်သွယ်ရေးစက်များ၊ ဒရုန်းများ၊ လက်နက်ခဲယမ်းများသည် အဆိုပါ အရင်းအမြစ်များက ရရှိနေခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များ၊ PDF များ ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲ များအပြင်းအထန် ဖြစ်ပွားနေပြီး မြို့များနှင့် စစ်စခန်းများ နစကဘက်က လက်လွတ်ဆုံးရှုံးရမှု အများအပြားရှိနေ သည်။