CNI International News
ဘန်ကောက်၊ ဇွန်လ ၂၁
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ညွန့်ပေါင်းအစိုးရ ပြိုကွဲမည့်အရေးကို ရှောင်လွှဲရန်အတွက် ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခံရဖွယ်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ပေတုန်တန်၏ ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်းရှိ အဓိကပါတီတစ်ခုဖြစ်သည့် ယူနိုက်တက် ထိုင်းနေရှင်ပါတီ (UTN) က အစိုးရအဖွဲ့ မပြိုကွဲစေရန် ပေတုန်တန်ကို ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုလိမ့်မည်ဟု သတင်းရင်းမြစ်များတွင် ဖော်ပြနေသည်။
ထို့ကြောင့် ပြီးခဲ့သည့် ၁၀ လကမှ ဝန်ကြီးချုပ်ရာထူး ရရှိခဲ့သည့် ပေတုန်တန်သည် အစိုးရအဖွဲ့ကို ကယ်တင်ရန် ရာထူးကို လက်လွှတ်ရမည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra)၏ သမီးဖြစ်သည့် ပေတုန်တန် (၃၈ နှစ်)သည် အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှု၊ စီးပွားရေး နာလန်ထူမှု၊ ကမ္ဘောဒီးယားနှင့် နယ်စပ်ဒေသ အငြင်းပွားမှု အပါအဝင် ဘက်ပေါင်းစုံမှ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
“သူ ရာထူးက မနုတ်ထွက်ဘူးဆိုရင် ယူနိုက်တက်ထိုင်းနေရှင်ပါတီက ညွန်ပေါင်းအစိုးရထဲက ထွက်ခွာမှာပါ။ သူ့ကို ရာထူးက ထွက်ပေးဖို့ ကျနော်တို့ ပါတီခေါင်းဆောင်ကို တောင်းဆိုစေချင်ပါတယ်” UTN ပါတီ၏ သတင်းရင်းမြစ် တစ်ခုက ပြောကြားခဲ့သည်။
ပေတုန်တန်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းဆက်သွယ် ပြောဆိုသည့် အသံဖိုင် ပေါက်ကြားလာခဲ့ပြီး ထိုင်းပြည်သူများက ဒေါသထွက်ခဲ့သည်။
ပေတုန်တန်ကို ဆန္ဒပြနေကြစဉ်
ထို့နောက် ဇွန်လ ၁၈ ရက်တွင် ဘူဂျထိုင်းပါတီက ညွန့်ပေါင်းအစိုးရအဖွဲ့ထဲမှ နုတ်ထွက်ခဲ့သည်။
ထိုအသံဖိုင်ထဲတွင် ပေတုန်တန်က ဟွန်ဆန်ကို ဦးလေးဟု ခေါ်ဆိုခဲ့ကာ ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်ရှိ ထိုင်း စစ်တပ်၏ တပ်မှူးတစ်ဦးကို ၎င်း၏ ပြိုင်ဘက်တစ်ဦးအဖြစ် ရည်ညွှန်းပြောဆိုခဲ့သဖြင့် လူမှုမီဒီယာ များပေါ်၌ ပေတုန်တန်ကို ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ဘန်ကောက်မြို့တော်တွင် ရှပ်ဝါများက ဆန္ဒပြခဲ့ကြပြီး ပေတုန်တန်ကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။
ထို့ကြောင့် ပေတုန်တန်သည် ဇွန်လ ၁၉ ရက်က ပြည်သူများကို တောင်းပန်စကား ပြောကြားခဲ့ပြီး ၎င်း၏ ပြိုင်ဘက်တစ်ဦးအဖြစ် ရည်ညွှန်းပြောဆိုခဲ့သည့် ထိုင်းစစ်တပ်၏ တပ်မှူးကိုလည်း ဖုန်းဆက်ပြီး တောင်းပန်စကား ပြောကြားခဲ့သည်။
Source: ရိုက်တာ