CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၅

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်အက်ဒါလက်အသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရို လိဂ်ပွဲစဉ်မှာ ၂ ဂိုး သွင်းယူပြီးနောက် လိဂ်သွင်းဂိုး ၁၁ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲရဲ့ ပွဲချိန်မိနစ် ၄၀ မှာ ပင်နယ်တီကနေ အယ်လ်နာဆာအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး မိနစ် ၆၆ မိနစ်မှာတော့ ဂိုးဧရိယာအထဲကနေ အပြင်းကန်သွင်းပြီး ဒုတိယဂိုး သွင်းယူခဲ့တာပါ။

အယ်လ်နာဆာ အသင်းအတွက် နောက်ထပ် သွင်းဂိုးတွေကိုတော့ တယ်လီစကာက ၂ ဂိုးနဲ့ ယာယာက ၁ ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီလကမှ အယ်လ်နာဆာအသင်းကို ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုဟာ ဆော်ဒီကလပ်အတွက် လိဂ်ပွဲစဉ် ၉ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ယူရို ၂၀၂၄ ခြေစစ်ပွဲ ကစားပြီးနောက် အယ်လ်နာဆာအသင်းအတွက် ပြန်ကစားတဲ့ ပထမဆုံးပွဲမှာ ခြေစွမ်းပြဂိုးတွေ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ အသင်းဖော်များကိုတွေ့ရစဉ်

ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ လိဂ်သွင်းဂိုး ၁၁ ဂိုးအထိ ရှိလာပြီဖြစ်တဲ့အတွက် အခုနှစ်ရာသီ ဆော်ဒီပရိုလိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်တဲ့ တယ်လီစကာနဲ့ အစ်ဟာလိုတို့ရဲ့ သွင်းဂိုး ၁၆ ဂိုးကို လိုက်မှီဖို့ ၅ ဂိုးသာ လို တော့တာပါ။

အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် လိဂ်ပွဲစဉ် ၉ ပွဲ အပါအဝင် ပြိုင်ပွဲစုံ ၁၁ ပွဲ ပါဝင်ကစားအပြီးမှာ ၁၁ ဂိုးသွင်းယူကာ ၂ ဂိုး ဖန်တီးပေးထားပြီး ဖေဖော်ဝါရီလအတွက် လိဂ်ပြိုင်ပွဲရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရယူထားနိုင်ခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဟာ အယ်လ်အက်ဒါလက်အသင်းကို ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ဆော်ဒီပရိုလိဂ် ပြိုင်ပွဲရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေတဲ့ အယ်လ်အစ်တီဟတ်အသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။

အယ်လ်နာဆာအသင်းဟာ ဒီရာသီမှာ ဆော်ဒီပရိုလိဂ်နဲ့ ဘုရင့်ဖလားတို့ကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး လာမယ့် ပွဲစဉ်အဖြစ် ဧပြီလ ၉ ရက်မှာ အယ်လ်ဖီဟာအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail