CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၅

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ချယ်လ်ဆီးအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲအပြီးမှာ အန်ဖီးလ်ကွင်းက သူတို့ကို စောင့်ဆိုင်းနေတယ်ဆိုပြီး အာဆင်နယ်ကို သတိပေးလိုက်ပါတယ်။

ကလော့ပ်က “အခုလာမယ့် ပွဲကတော့ အာဆင်နယ်အသင်းနဲ့ပွဲပါ။ မနှစ်က ရာသီတုန်းက အာဆင်နယ် ဘယ် အဆင့်မှာ ရပ်တည်ခဲ့လဲဆိုတာ အတိအကျ မသိပေမယ့် အခုအချိန်မှာတော့ သူတို့ဟာ ပျံသန်းနေပြီး မယုံနိုင်စရာ ပုံစံနဲ့ အလွန်ကောင်းမွန်စွာ ကစားနေတယ်ဆိုတာ သိသာပါတယ်။ အရိုးသားဆုံး ပြောရရင် သူတို့ကစားတာကို ကြည့်ရတာ တကယ်ကို ကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အိမ်ကွင်းပွဲစဉ် ကစားရမှာပါ။ အိမ်ကွင်း မှတ်တမ်းတွေက အဝေးကွင်း မှတ်တမ်းတွေလောက် မဆိုးပါဘူး။ ကျနော်တို့ဟာ ဒီပွဲကို တကယ် မျှော်လင့်နေတာ ပါ။ ချယ်လ်ဆီးနဲ့ပွဲမှာ ကျနော်တို့ရဲ့ မှန်ကန်တဲ့ ခြေလှမ်းတွေကို မြင်တွေ့ရပြီး ဒါက ကျနော် လိုချင်တဲ့အရာပါ။ အန်ဖီးလ်က ကျနော်တို့ကို စောင့်ဆိုင်းနေပါတယ်”လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် စိန်ခေါ်နေတဲ့ အသင်းဖြစ်ပြီး လီဗာပူးလ် အသင်းကတော့ ခြေစွမ်း သတမတ်တည်း မရှိဘဲ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက်သာ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ မနှစ်က ရာသီတုန်းက ဒီလိုအချိန်မှာ ချန်ပီယံဆုဖလား ၄ လုံး ရဖို့အတွက် တိုက်ပွဲဝင် နေရပေမယ့် ဒီရာသီမှာတော့ ဒီလိုပုံစံကို မပြသနိုင်တဲ့အပြင် ပရီးမီးယားလိဂ် ၂၈ ပွဲ ကစားအပြီးမှာ ၁၂ ပွဲသာ အနိုင်ရကာ အမှတ်ပေးဇယား အဆင့် ၈ နေရာအထိ ရောက်ရှိနေခဲ့တာပါ။

လီဗာပူးလ်နဲ့ ချယ်လ်ဆီး ယှဉ်ပြိုင်နေစဉ်

လီဗာပူးလ်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ် အပါအဝင် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး ၁ ပွဲ သရေကျကာ ၂ ပွဲ အရေးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးလ်အသင်း နည်းပြ ကလော့ပ်ကတော့ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်က သူတို့ရဲ့ စွမ်းဆောင်ရည် ဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေတဲ့ သေးငယ်တဲ့ ခြေလှမ်းဖြစ်တယ်လို့ ယုံကြည်မှုရှိနေတာပါ။

ဒါအပြင် အာဆင်နယ်အသင်းကိုလည်း အနိုင်ရအောင် ကစားနိုင်မယ်လို့ ဂျာမန်လူမျိုးနည်းပြက မျှော်လင့်နေတာ ဖြစ်ပါတယ်။

ကလော့ပ်က “ကျနော်တို့ဟာ နောက်ထပ် ၁၀ ပွဲ ကစားဖို့ ကျန်ရှိနေသေးပြီး လာမယ့်ပွဲက အာဆင်နယ်နဲ့ပွဲပါ။ အခြား ၉ ပွဲ မဟုတ်ပါဘူး။ ဒါကြောင့်လည်း တခြားပွဲတွေကို ကျနော် စိတ်မဝင်စားပါဘူး။ အာဆင်နယ်ကို အနိုင် ယူရတာက ခက်ခဲမှာ ဖြစ်ပေမယ့် ဒီပွဲကို ကျနော်တို့ အနိုင်ရနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ အာဆင်နယ်က ကျနော်တို့ကို ကျော်ဖြတ်သွားမှာပါ။ ပွဲတစ်ပွဲကို အနိုင်ရခဲ့ရင်တော့ အရာအားလုံး ခြားနားသွားမှာပါ။ ကျနော်တို့ ဟာ တက်နိုင်သမျှ အောင်မြင်မှုတွေ ရယူချင်ပါတယ်”လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ သရေကျခဲ့ပြီးနောက် အဆင့် ၄ နေရာက စပါးအသင်းနဲ့ ၇ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။

Source: Metro