CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅

မြန်မာ့လက်ရွေးစင်အသင်းရဲ့ ဝါရင့်နောက်ခံလူ ဇော်မင်းထွန်းဟာ လက်ရွေးစင်အသင်းရဲ့ ခေါ်ယူခြင်း ခံခဲ့ရပေမယ့် အနားယူပြီဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ တရားဝင် အတည်ပြု ကြေညာလိုက်ပါတယ်။

ဇော်မင်းထွန်းက “ အခု ကျနော့်ရဲ့ အသက်အရွယ်ကြောင့် နိုင်ငံအသင်းနဲ့ ကလပ်အသင်း တာဝန်နှစ်ခုလုံး အပေါ် မှာ အပြည့်အဝ အာရုံစိုက် ကစားနိုင်ဖို့ အကန့်အသတ်တွေ ရှိလာပြီ ဖြစ်ပါတယ်။ တဖန် လူငယ်မျိုးဆက်သစ်တွေ အတွက်လည်း လက်ဆင့်ကမ်း နေရာပေးလိုတဲ့ ဆန္ဒလည်း ရှိပါတယ်။ အဲ့ဒါကြောင့် မြန်မာ့လက်ရွေးစင်ကနေ အနားယူဖို့ ကျနော်ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို သက်ဆိုင်သူတွေ အားလုံး လေးစားမှုပေးနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ရေးသားခဲ့တာပါ။

မြန်မာအသင်းဟာ လာမယ့် AFF Mitsubishi Electric Cup ပြိုင်ပွဲ ကစားပေးဖို့အတွက် ဇော်မင်းထွန်းကို တရားဝင် ဖိတ်ခေါ်ထားတာပါ။

ဒါပေမယ့် ဇော်မင်းထွန်းကတော့ လက်ရွေးစင်အသင်းကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။ ရန်ကုန် ယူနိုက်တက် ကစားသမားဟောင်းက လက်ရွေးစင်အသင်းရဲ့ ခေါ်ယူမှုတွေအတွက် အမြဲတမ်း ကျေးဇူးတင် ဂုဏ်ယူနေမှာ ဖြစ်သလို လက်ရွေးစင်အသင်း ဒီပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ ဆန္ဒပြုကြောင်းလည်း ရေးသားခဲ့ပါတယ်။

ထိုင်းကလပ် ချောင်ဘူရီအသင်းမှာ ကစားနေတဲ့ ဇော်မင်းထွန်းကို တွေ့ရစဉ်

ဇော်မင်းထွန်းဟာ မြန်မာအသင်းအတွက် ပွဲပေါင် ၇၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၅ ဂိုး သွင်းယူကာ ဖိလစ်ပိုင် ငြိမ်းချမ်းရေး ဖလားနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ကြေးတံဆိပ် ရယူပေးခဲ့တာ ဖြစ်ပါတယ်။ ဇော်မင်းထွန်းဟာ လက်ရှိအချိန်မှာ ထိုင်း ကလပ် ချောင်ဘူရီအသင်းမှာ ဝင်ရောက် ကစားနေပါတယ်။

မြန်မာအသင်းဟာ ဇော်မင်းထွန်း အပြင် အဓိကတိုက်စစ်မှူးဖြစ်တဲ့ အောင်သူကိုလည်း လက်ရွေးစင်အသင်း အတွက် ပါဝင်ကစားပေးဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

ဇော်မင်းထွန်း၊ အောင်သူ အပါအဝင် မြန်မာ့လက်ရွေးစင် ကစားသမားတချို့ဟာ လက်ရှိ နိုင်ငံရေး အခြေအနေ တွေကြောင့် နိုင်ငံအတွက် ပါဝင်ကစားပေးခြင်း မရှိခဲ့တာပါ။

မြန်မာအသင်းဟာ လာမယ့် AFF Mitsubishi Electric Cup ပြိုင်ပွဲမှာ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအိုတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဒီဇင်ဘာလ ၂၀ ရက်မှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။