CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁

လီဗာပူးလ်အသင်း တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ဟာ အာဆင်နယ်အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးထိ အနားယူရမယ်လို့ သိရပါတယ်။

လူးဝစ်ဒီယက်ဇ်ဟာ ပေါ်တိုအသင်းကနေ ရောက်ရှိလာတဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက လီဗာပူးလ်အသင်းမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေခဲ့တာပါ။

ကိုလံဘီယာ ကစားသမားရဲ့ အနားယူရမယ့် သတင်းဟာ လီဗာပူးလ်အတွက်ရော နည်းပြကလော့ပ် အတွက်ပါ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းဌာနက ဖော်ပြထားပါတယ်။ လူးဝစ်ဒီယက်ဇ်ရဲ့ ဒဏ်ရာ အခြေအနေဟာ ပြင်းထန်ပေမယ့် ခွဲစိတ်ကုသဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။

လူးဝစ်ဒီယက်ဇ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရာသီမရပ်နားခင် လီဗာပူးလ်အသင်းရဲ့ ပွဲစဉ် ၁၀ ပွဲကို ပါဝင်နိုင် တော့မှာ မဟုတ်ပါဘူး။ ကိုလံဘီယာ ကစားသမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ဘောက်ဆင်ဒေးပွဲစဉ်တွေ ပြန် ကစားတဲ့ အချိန်မှာ လီဗာပူးလ်အတွက် ပြန်လည် ပါဝင်နိုင်ဖွယ်ရှိတာပါ။

ဒူးဒဏ်ရာ ရသွားသည့် လူးဝစ်ဒီယက်ဇ်နဲ့ နည်းပြ ကလော့ပ်ကိုတွေ့ရစဉ် (Getty Images)

လူးဝစ်ဒီယက်ဇ်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ၁၂ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူထားတာ ဖြစ်ပါ တယ်။ အာဆင်နယ်အသင်းကို အရေးနိမ့်တဲ့ပွဲမှာ လီဗာပူးလ်နောက်ခံလူ အာနိုးလ်လည်း ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပေမယ့် ပြင်းထန်မှုမရှိဘူးလို့ သိရတာပါ။

အဲ့ဒါကြောင့် အင်္ဂလန် ကစားသမားဟာ အခုလမကုန်ခင် အသင်းအတွက် ပြန်ကစားနိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးနေတဲ့ လီဗာပူးလ်အသင်းဟာ ရာသီရဲ့ ဒုတိယရာသီဝက် ပွဲစဉ်တွေ အတွက် ဒီဇင်ဘာလ ဒူဘိုင်းမှာ လေ့ကျင်ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အန်ဖီးလ်ကလပ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၂ ပွဲသာ ရရှိထားပြီး အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာပါ။

ဒီတစ်ပတ်မှာတော့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail