CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁
ရှက်တာဒိုးနက် အသင်းနည်းပြ ဂျိူဗီဆီဗစ်က ရီးရယ်လ်မက်ဒရစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကို ယူကရိန်း စစ်သားတွေလို ကွင်းထဲမှာ တိုက်ပွဲဝင်သွားမယ်လို့ အောက်တိုဘာလ ၁၀ ရက်က ပြောလိုက်ပါတယ်။
ဂျိူဗီဆီဗစ်က “ ကျနော့် ကစားသမား အများအပြားက ယူကရိန်းမှာသူတို့ရဲ့ မိသားစုတွေရှိကြပြီး ဒါက ကျနော် တို့ကို လွှမ်းမိုးမှု ရှိပါတယ်။ ဒါပေမယ့် ဒါက ကျနော်တို့ရဲ့ စိတ်ဓါတ်ကို ဖျက်ဆီးမှာ မဟုတ်ပါဘူး။ ယူကရိန်း တပ်မတော်က ကျနော်တို့နဲ့ ကျနော်တို့ရဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေသလို ရီးရယ်လ်နဲ့ ပွဲကို တိုက်ပွဲ ဝင်သွားမှာပါ။ ကျနော်တို့ ယူကရိန်းပြည်သူတွေကို ကိုယ်စားပြုပြီး တိုက်ပွဲဝင်မယ်”လို့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဖေဖော်ဝါရီလက စတင်တဲ့ စစ်ပွဲမှာ ရုရှားဟာ ယူကရိန်းကို လေကြောင်း တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး တနင်္လာနေ့က လူစည်ကားတဲ့ ယူကရိန်းမြို့တွေကို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ဖြစ်ပါတယ်။
ရုရှားဟာ မြို့တော် ကိယက်ဗ်ရှိ လူစည်ကားတဲ့ လမ်းဆုံတွေ၊ ပန်းခြံတွေနဲ့ ခရီးသွားရာ နေရာတွေကို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာလို့ သိရပါတယ်။ ရှက်တာဒိုးနက်အသင်းဟာ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်တွေကို ပိုလန်နိုင်ငံ ဝါဆောမှာ ကျင်းပနေတာ ဖြစ်ပါတယ်။
ရှက်တာဒိးနက်နဲ့ရီးရယ်လ်အသင်း ယှဉ်ပြိုင်နေစဉ် (AS)
ဂျိူဗီဆီဗစ်က “ကျနော်တို့ကို ဖျက်ဆီးလို့ မရပါဘူး။ ကျနော်တို့ရဲ့ စိတ်ဓါတ်၊ စည်းလုံးမှုနဲ့ စိတ်ခံစားချက်ကို ခဏ တာပဲ ချိုးဖျက်လို့ ရပါတယ်။ အားကစားသမားတွေ အနေနဲ့လည်း ဒီပွဲကို လူမှုရေးတာဝန် တစ်ရပ်အဖြစ် ရှုမြင် ထားပါတယ်။ ယူကရိန်းမှာ ဖြစ်ပျက်နေတဲ့ အရာတွေနဲ့ နီးနီးကပ်ကပ် ရှိနေရမှာဖြစ်ပြီး ကျနော်တို့မှာ ကြီးမားတဲ့ စာနာမှုရှိတယ်။ အခုအခြေအနေတွေအတွက် စိုးရိမ်မှုရှိပေမယ့် ဒီပွဲကို ဖျက်သိမ်းမှာ မဟုတ်ဘူး”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အပတ်က ရီးရယ်လ်အသင်းရဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တာမှာ ရီးရယ်လ်အသင်းဟာ ရှက်တာဒိုးနက် အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ အုပ်စုတွင်းပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၉ မှတ်ရရှိထားပြီး ရှက်တာဒိုးနက် အသင်းက ၄ မှတ် ရရှိထားတာပါ။ အဲ့ဒါကြောင့် ရီးရယ်လ်အသင်းဟာ ဒီပွဲရလဒ် ကောင်းရတာနဲ့ နောက်တစ်ဆင့် တက်မှာဖြစ်ပြီး ရှက်တာဒိုးနက်အတွက်လည်း နောက်တစ်ဆင့်တက်ဖို့ ဆိုရင် ရလဒ်ကောင်းရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
Source: CNA