CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၃

ချယ်လ်ဆီး အသင်းမှာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေရဲ့ အစိတ်အပိုင်းဖြစ်ဖို့က အိပ်မက်ပဲလို့ ဟာမီလ်တန် က ပြောလိုက်ပါတယ်။ဟာမီလ်တန် ဟာ ချယ်လ်ဆီး ကို ဝယ်ယူဖို့ ကမ်းလှမ်းထားတဲ့ ဆာမာတင်ဘရော်တန်ရဲ့ အစုအဖွဲ့ထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို (၇)ကြိမ်ရရှိထားတဲ့ ဟာမီလ်တန် ဟာ နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလျံနဲ့အတူ ချယ်လ်ဆီး ကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းမှုမှာ ရင်းနှီးမြုပ်နှံဖို့ ကတိပြုထားကြတာပါ။

ဟာမီလ်တန် က “ချယ်လ်ဆီး အသင်းဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး အသင်းတွေထဲက တစ်သင်းပါ။ဒီလို အခွင့်အရေးအကြောင်းကို ကြားသိရချိန်မှာ အံ့သြသွားခဲ့ပါတယ်။ဒါဟာ အလွန်ကြီးကျယ်တဲ့ အရာတစ်ခုရဲ့ ကြီးမားတဲ့အစိတ်အပိုင်းဖြစ်ဖို့ အခွင့်အရေးကောင်းပါပဲ။ဆာမာတင် က ကျနော်နဲ့ ဖုန်းပြောခဲ့ပြီး သူ့ရဲ့ ရည်မှန်းချက်တွေကို ရှင်းပြခဲ့ပါတယ်။ ဒါဟာ မယုံနိုင်စရာကောင်းလောက်အောင် စိတ်လှုပ်ရှားဖို့ကောင်း တယ်”လို့ ပြောခဲ့ပါတယ်။

ဘရော်တန်လုပ်ငန်းစုမှာ ကမ္ဘာ့ပြေးခုန်ပစ် ဥက္ကဌနဲ့ ချယ်လ်ဆီး ပရိသတ် လောဒ့်ကိုးလည်း ပါဝင်ပြီး လန်ဒန် ကလပ်ကို ပေါင်(၂.၅)ဘီလီယံနဲ့ ဝယ်ယူဖို့ ပြိုင်ဆိုင်နေတဲ့ အဖွဲ့(၃)ဖွဲ့ထဲက တစ်ဖွဲ့လည်း ဖြစ်တာပါ။ ချယ်လ်ဆီး အသင်းဟာ ပိုင်ရှင် အေဘရာမိုဗစ်ချ် ဒဏ်ခတ်ပိတ်ဆို့ခံရပြီးကတည်းက ဗြိတိန်အစိုးရက ချမှတ်ထားတဲ့ အထူး လိုင်စင်နဲ့ လည်ပတ်နေရတာပါ။ဟာမီလ်တန် ဟာ အာဆင်နယ် ပရိသတ်ဖြစ်ပေမယ့် ချယ်လ်ဆီး ကို ဝယ်ယူမှုမှာ ပါဝင်နေလို့ ဝေဖန်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဟာမီလ်တန် က “ကျနော်ဟာ ကလေးဘဝကတည်းက ဘောလုံးပရိသတ်ဖြစ်ခဲ့တာပါ။ကျောင်းအသင်းမှာလည်း နှစ်တိုင်းကစားခဲ့ပြီး ဂိမ်းပေါင်းများစွာလည်း ကစားခဲ့ဖူးပါတယ်။ကျနော့် အစ်မက ကျနော့်ကို လက်သီးနဲ့ထိုးပြီး အာဆင်နယ်အသင်းကို အားပေးရမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ကျနော်လည်း အာဆင်နယ် ပရိသတ်ဖြစ်လာခဲ့ပါတယ်။ ကျနော့်ဦးလေးကတော့ ချယ်လ်ဆီး အမာခံပရိသတ်ဖြစ်ပြီး အာဆင်နယ်နဲ့ ချယ်လ်ဆီး ကစားခဲ့တဲ့ပွဲကို သူနဲ့အများကြီးကြည့်ခဲ့ဖူးပါတယ်”လို့ ပြောခဲ့ပါတယ်။

Source:BBC