CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၃

လီဗာပူးလ် အသင်းနည်းပြ ကလောပ့် က အသင်းအနေနဲ့ ဆုဖလား(၄)လုံးအောင်မြင်မှုကိုရယူနိုင်ဖို့အတွက် ဘယ်တုန်းကမှ မမျှော်လင့်ထားဘူးလို့ ပြောလိုက်ပါတယ်။

လီဗာပူးလ် အသင်းဟာ တစ်ရာသီအတွင်း ဆုဖလား(၄)လုံး ကိုင်မြှောက်နိုင်တဲ့ ပထမဆုံး အင်္ဂလန်ဘောလုံး အသင်း ဖြစ်လာနိုင်ဖို့ အခွင့်အရေးတွေရှိနေတာပါ။လီဗာပူးလ် အသင်းဟာ ကာရာဘောင်းဖလားကို ရယူထားပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲအဖြစ် ချယ်လ်ဆီး အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ဒါ့အပြင် မာဆေးဆိုဒ်ကလပ် ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ထိပ်ဆုံးနေရာက မန်စီးတီး အသင်းနဲ့ (၁)မှတ်အကွာ၊ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲကို ရောက်ရှိနေတာဖြစ်ပါတယ်။

ကလောပ့် က “ဒါဟာ ကျနော်တို့ မမျှော်လင့်ထားတဲ့ အခြေအနေဖြစ်ပြီး ဒီလိုအခြေအနေမျိုးကို တစ်ခါမှ မရောက်ဖူးပါဘူး။ဒါက မယုံကြည်နိုင်လောက်အောင်ခက်ခဲပါတယ်။ကျနော်တို့ အချိန်တိုင်း တော်တော်လေး ကောင်းမွန်အောင် ကစားခဲ့ရပါတယ်။လိဂ်ဖလားရဖို့လည်း ကျနော်တို့ မမျှော်လင့်ခဲ့တာပါ။အခု အက်ဖ်အေဖလား ဗိုလ်လုပွဲ၊ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲနဲ့ ပရီးမီးယားလိဂ်မှာ (၁)မှတ်သာ ကွာဟနေဖို့ကို တကယ်ကို မမျှော်လင့် ခဲ့တာပါ။ဒီအခြေအနေကို ကျနော်သဘောကျပါတယ်။ကျနော်တို့ သိထားတဲ့အရာက အခုထိ ဘာမှမအာင်မြင် သေးဘူးဆိုတာပါပဲ”လို့ ပြောခဲ့ပါတယ်။


လီဗာပူးလ် အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ မန်စီးတီး အသင်းနဲ့ (၁၄)မှတ်အကွာကနေ (၁)မှတ်သာ ကွဟတော့တဲ့အထိ ဒုတိယရာသီဝက်မှာ အံအားသင့်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ဒါနဲ့ ပတ်သက်ပြီး ကလောပ့် က “ကောင်လေးတွေလုပ်ခဲ့တဲ့အရာက တကယ်ကိုထူးခြားနေခဲ့ပါတယ်။ကျနော်တို့ ပိုကောင်းလာမယ် ဆိုတာကို သိပါတယ်။ဒါပေမယ့် ကျနော်တို့ ဒီလိုအနေအထားမျိုးရောက်လာမယ်ဆိုတာတော့ မတွေးခဲ့ပါဘူး”လို့ ပြောခဲ့တာပါ။

လီဗာပူးလ် အသင်းဟာ တနင်္ဂနွေနေ့မှာ မာဆေးဆိုဒ်ဒါဘီ ပွဲစဉ်အဖြစ် အဲဗာတန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။အဲဗာတန် အသင်းဟာ တန်းဆင်းဇုန်အထက်(၁)မှတ်အကွာနဲ့ ရပ်တည်နေပြီး တန်းမဆင်းရဖို့အတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။

Source:Besoccer