CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၈

ဂျိတ်ပေါလ်က ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်ကို သရုပ်ပြပွဲထိုးဖို့ ပြောလိုက်ပြီး ဒီပွဲမှာ သူအနိုင်ရမယ်လို့ ယုံကြည် နေတာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ဂျိတ်ပေါလ်ဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲ ၅ ပွဲ ထိုးသတ်ထားပြီး ၅ ပွဲလုံး အနိုင်ရရှိထားတာပါ။ သူအနိုင်ရခဲ့တဲ့ ပြိုင်ဘက်တွေကတော့ YouTuber အန်အီဆန်ဂစ်ဘ်၊ NBA ကြယ်ပွင့်ဟောင်း နိတ်ရော်ဘင်ဆန်၊ MMA ဖိုက် တာ အက်စ်ကာရန်နဲ့ UFC ဝယ်လ်တာဝိတ် ချန်ပီယံဟောင်း ဝူဒလေကို ၂ ပွဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မိုက်တိုင်ဆန်ကတော့ ၂၀၀၅ ပရော်ဖက်ရှင်နယ် နောက်ဆုံးပွဲအဖြစ် ထိုးသတ်ခဲ့ပေမယ့် ၂၀၂၀ မှာ ရွိုင်ဂျုံးစ်ဂျူနီယာနဲ့ သရုပ် ပြပွဲ ထိုးသတ်ခဲ့တာပါ။

ဂျိတ်ပေါလ်က “မိုက်တိုင်ဆန်နဲ့ပွဲက ဂန္တဝင်တွင်မယ့်ပွဲပါ။ လက်ဝှေ့မျိုးဆက်ဟောင်းတွေနဲ့ မျိုးဆက်သစ်တွေကို တစ်သားတည်း ရောနှောထားပါတယ်။ မိုက်တိုင်ဆန်က ဂျိုးရိုဂန်တွေ့ဆုံခန်းမှာ ပြောခဲ့တဲ့အတိုင်းပဲ ဒီပွဲဟာ အချိန်တိုင်းရဲ့ ကြည့်ရှုမှု အများဆုံးပွဲ ဖြစ်လာမှာပါ။ ကျနော်တို့ဟာ တူညီတဲ့ ကတ်တစ်ခုမှာ ရှိခဲ့တုန်းက တစ်ကြိမ်ကြည့်ရှုမှု ၂ သန်းနီးပါးကို ရောင်းချ နိုင်ခဲ့ပါတယ်။ အခုဆိုရင် တစ်ကြိမ်ကြည့်ရှုမှု ၃ သန်း၊ ၄ သန်းအထိ ဖြစ်သွားနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

မိုက်တိုင်ဆန်နဲ့ ဂျိတ်ပေါ်လ်(Dexerto)

ဒါ့အပြင် ဂျိတ်ပေါ်လ်က “မိုက်တိုင်ဆန် အနေနဲ့ တွေ့ဆုံခန်းမှာ ပြောခဲ့သလိုပဲ ဒါကို ကြည့်နေမယ်ဆိုရင် ဒီပွဲဖြစ်မြောက်အောင် လုပ်လိုက်ကြရအောင်။ ကျနော်တော့ အဆင်သင့် ဖြစ်နေပါပြီ။ အနိုင်ရမယ်လို့လည်း ထင်ပါတယ်။ မိုက်ကလည်း သူအနိုင်ရ မယ်လို့ ထင်နေမှာပါ။ ဒါကြောင့် ကျနော်တို့ လုပ်ကြရအောင်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မိုက်တိုင်ဆန်ဟာ မကြာသေးခင်တုန်းက လေကြောင်းသွား ခရီးသွားဖော်ကို ထိုးကြိတ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့သေးတာပါ။ မိုက်တိုင်ဆန်ဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ ပွဲပေါင်း ၅၈ ပွဲ ထိုးသတ်ခဲ့ပြီး ပွဲပေါင်း ၅၀ အနိုင်ရကာ ၆ ပွဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Source: Metro