CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၉

မြန်မာအသင်းကို အရေးနိမ့်ခဲ့တဲ့ ဆီးဂိမ်းစ်အုပ်စုပွဲအပြီးမှာ ရာထူးက နုတ်ထွက်ကြောင်း ကြေညာခဲ့တဲ့ ကမ္ဘော ဒီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆိုခဟာ နိုင်ငံရဲ့ဝန်ကြီးချုပ်နဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် သူ့ရဲ့ရာထူးမှာ ဆက်ပြီးရှိနေတော့မယ်လို့ ပြောလိုက်ပါတယ်။

ဆိုခက “ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ တောင်းဆိုမှုကို လက်ခံရရှိခဲ့ပါတယ်။ဝန်ကြီးချုပ်နဲ့ ကမ္ဘောဒီးယားက ဘောလုံး ပရိသတ်အားလုံးရဲ့ ယုံကြည်မှုကို တုန့်ပြန်တဲ့အနေနဲ့ ဘောလုံးကဏ္ဍအားလုံးကို ပြုပြင်ပြောင်းလဲပြီး ဖွံ့ဖြိုး တိုးတက်အောင် ဆက်လက်လုပ်ဆောင်ကြဖို့ ကလပ်အသင်းအားလုံးကို တောင်းဆိုပါတယ်” လို့ ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

ကမ္ဘောဒီးယားအသင်းဟာ ဆီးဂိမ်းစ်အုပ်စုတတိယပွဲစဉ်မှာ မြန်မာအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် အုပ်စုတွင်းတတိယနေရာကို ရောက်ရှိခဲ့တာကြောင့် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်သူက ဒီတာဝန်ကိုယူတဲ့အနေနဲ့ ရာထူးကနေ နုတ်ထွက်မယ်လို့ မေလ ၇ ရက်က ပြောခဲ့တာဖြစ်ပါတယ်။သူဟာ အရင်ကတည်းက အိမ်ရှင်အဖြစ် ကျင်းပမယ့် ဒီပြိုင်ပွဲမှာ ကမ္ဘောဒီးယားအနေနဲ့ ဆီမီးဖိုင်နယ်မတက်ရောက်နိုင်ခဲ့ရင် ရာထူးကနေ နုတ်ထွက်မယ်လို့ ကတိပေးထားတာပါ။

 

ဒါပေမယ့် အစိုးရကိုယ်စား နိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်သူ ဟွန်ဆန်က ဆိုခရဲ့ လမ်းညွှန်မှုအောက်မှာ ကမ္ဘောဒီးယား ဘောလုံးလောကဟာ တဖြည်းဖြည်းတိုးတက်လာတယ်လို့ ပြောခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းဖို့ ပြောခဲ့ တာဖြစ်ပါတယ်။အဲဒါကြောင့် ဆိုခဟာ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းကာ ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးကို ဆက်ပြီးတာဝန်ယူရတော့မှာပါ။

ကမ္ဘောဒီယားအသင်းဟာ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲမှာ အုပ်စုကနေ ဆီမီးဖိုင်နယ်တက်နိုင်ဖို့အတွက် နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ အင်ဒိုနီးရှားအသင်းနဲ့ပွဲမှာ အနိုင်ရလဒ်ရယူရမှာဖြစ်သလို၊ မြန်မာအသင်းကလည်း ဖိလစ်ပိုင်အသင်း ကို အရေးနိမ့်မှရမှာဖြစ်ပါတယ်။အဲဒါကြောင့် ကမ္ဘောဒီးယားအသင်းအနေနဲ့ ဆီမီးဖိုင်နယ်တက်နိုင်ဖို့ မျှော်လင့်ချက် နည်းပါးနေတာပါ။

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၃၂ ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲကို မေလ ၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

Source : ChannelNewsAsia