CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၄

လီဗာပူးလ် အသင်းတိုက်စစ်မှူး ဆာလတ် က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရယ်လ် အသင်းနဲ့ တွေ့ချင်တယ်လို့ ဗီလာရီးရယ်လ် အသင်းကို အနိုင်ရတဲ့ ပွဲအပြီးမှာ ပြောလိုက်ပါတယ်။

လီဗာပူးလ် အသင်းဟာ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ဗီလာရီးရယ်လ် အသင်းနဲ့ ကစားခဲ့တာမှာ ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဗီလာရီးရယ်လ် အသင်းက ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လီဗာပူးလ် အသင်းက အနောက်ကလိုက်ကာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ပထမအကျော့အဖြစ် အန်ဖီးလ်ကွင်းမှာ ကစားခဲ့တုန်းက လီဗာပူးလ် အသင်းက ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ အဲ့ဒါကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး-၂ ဂိုးနဲ့ လီဗာပူးလ်အသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရီးရယ်လ် အသင်းသာ မန်စီးတီး အသင်းကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့မယ်ဆိုရင် ၂၀၁၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မကျေပွဲအဖြစ် ပြန်လည် တွေ့ဆုံရာမှာပါ။ အဲ့ဒီတုန်းက ရီးရယ်လ် အသင်းက အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆာလတ် ဟာ ၂၀၁၈ ပြိုင်ပွဲမှာ ရာမို့စ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ပခုံးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ပထမပိုင်းမှာ လူစားလဲ ခံခဲ့ရတာပါ။ ပဲရစ်မှာ ကစားရမယ့် ဗိုလ်လုပွဲမှာ ဘယ်အသင်းနဲ့ ရင်ဆိုင်ချင်လဲလို့ ဆာလတ် ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရာမို့စ်ကြောင့် ပုခုံးဒဏ်ရာရခဲ့တဲ့ ဆာလတ်(Goal)

ဆာလတ်က “ ကျနော် ရီးရယ်လ်နဲ့ ကစားချင်ပါတယ်။ စီးတီး ကတော့ တကယ်ကို ခက်ခဲတဲ့ အသင်းပါ။ ဒီရာသီမှာ သူတို့နဲ့ အကြိမ်အနည်းငယ် ကစားခဲ့ပါတယ်။ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအရ မေးခဲ့တယ်ဆိုရင် ရီးရယ်လ် အသင်းနဲ့ ကစားရမှာ ပိုပြီး ကြိုက်နှစ်သက်တယ်လို့ ပြောရမှာပါ ”လို့ ပြောခဲ့ပါတယ်။

စပိန်ကလပ်ကို လက်စားချေလိုသလားလို့ မေးခံရချိန်မှာ ဆာလတ် က “ သူတို့နဲ့ ဗိုလ်လုပွဲမှာ ကစားခဲ့တုန်းက ကျနော်တို့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျနော် သူတို့နဲ့ ကစားချင်ပါတယ်။ သူတို့ဆီကနေ အနိုင်ရလဒ် ရယူနိုင်မယ်လို့လည်း မျှော် လင့်ကြောင်း ”ဖြေဆိုခဲ့တာပါ။

လီဗာပူးလ် အသင်းဟာ နည်းပြ ကလောပ့် လက်ထက်မှာ နောက်ဆုံး ၅ နှစ်အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၃ ကြိမ်မြောက် တက်နိုင်ခဲ့တာဖြစ်ပြီး ၂၀၁၉ မှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ် အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်နိုင်ခဲ့တာကြောင့် ဒီရာသီ ဆုဖလား (၄)လုံး ရယူနိုင်မယ့် မျှော်လင့်ချက်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source: Goal