CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇

နယူးကာဆယ်အသင်း ဂန္ထဝင် အလန်ရှီးယားက နယူးကာဆယ်အသင်းအနေနဲ့ ယူနိုက်တက်အသင်း ဂိုးသမား ဟောင်း ဒီဂီယာကို ခေါ်ယူဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

အလန်ရှီးယားက “နယူးကာဆယ်က ဂိုးသမား လိုအပ်နေပြီး ဒီဂီယာကလည်း အသင်းမရှိဘူး ဖြစ်နေပါတယ်။ ဒီဂီယာရဲ့ လုပ်ခလစာက မြင့်မားတယ်ဆိုတာ ကျနော်သိပေမယ့် နယူးကာဆယ်အသင်းအနေနဲ့ သူ့ကို ခေါ်ယူမယ် ဆိုရင် ပြောင်းရွှေ့ကြေး ပေးစရာမလိုဘူး”လို့ BBC Radio 5 Live ကို ပြောပါတယ်။

နယူးကာဆယ်အသင်းဟာ အဓိက ဂိုးသမား နစ်ပုပ်ကို ပခုံးဒဏ်ရာကြောင့် ၄ လကြာ အနားပေးရမှာဖြစ်တဲ့ အတွက် ဂိုးသမားသစ်တစ်ဦး အားဖြည့်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ 

ဒီနောက်မှာတော့ နယူးကာဆယ်အသင်းဟာ ဒူဘရာကာကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုနေပေမယ့် အသင်း ရလဒ်တွေဟာ ဆိုးရွားနေပါတယ်။

နယူးကာဆယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို အိမ်ကွင်းမှာ ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒီဂီယာကို တွေ့ရစဉ်

နစ်ပုပ် မပါဝင်တဲ့နောက်ပိုင်း နယူးကာဆယ်အသင်း ကစားခဲ့တဲ့ ၇ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ကာရာဘောင်းဖလားပြိုင်ပွဲက ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့် ၈ နေရာ ရောက်ရှိ သွားခဲ့တာပါ။ 

အဲ့ဒါကြောင့် အလန်ရှီးယားက ဒီဂီယာကို ခေါ်ယူဖို့ နယူးကာဆယ်အသင်းကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ 

ဒီဂီယာဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးကတည်းက အသင်းအချို့ရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့် သူ့ရဲ့ လုပ်ခလစာမြင့်မားမှု၊ အသင်းရွေးချယ်မှုတွေကြောင့် အခုထိ အသင်းသစ် မရရှိသေးတာပါ။

အလန်ရှီးယားက အသင်းဟောင်းအနေနဲ့ ရလဒ်ကောင်းတွေ ပြန်ရယူနိုင်ဖို့အတွက် ဂိုးသမား နေရာအပြင် တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့လည်း အကြံပြုထားပါတယ်။ 

နယူးကာဆယ်အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ အိုင်ဆက်ခ်နဲ့ ဝီလ်ဆင်တို့ ၂ ဦးဟာ ဒီရာသီ ပရီးမီးယား လိဂ်ပြိုင်ပွဲမှာ ၁၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Sportkeeda