CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၁

ယူနိုက်တက်အသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တယ်လို့ သတင်းတွေ ထွက်နေခဲ့ ပေမယ့် ဂိုးသမား ဒီဂီယာကတော့ အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောလိုက်ပါတယ်။

ဒီဂီယာက “ကျနော်ဒီမှာရှိနေတာ နှစ်အတော်ကြာပါပြီ။ ကလပ်အတွက် ပွဲတွေ အများကြီး ကစားထားပြီး ကစား တဲ့ အချိန်တိုင်းမှာလည်း ပျော်ပျော်ရွှင်ရွှင်ပါပဲ။ ယူနိုက်တက်အသင်းဟာ ကြီးမားတဲ့ ကလပ်ဖြစ်ပြီး ကလပ်ကို ချစ်မြတ်နိုးသလို ဒီမှာရှိနေရတာကို အလွန်ပျော်ရွှင်ပါတယ်။ နှစ်တွေ ကြာသွားလည်း ဒီလိုပါပဲ။ ကလပ်ရဲ့ ဝန်းကျင် မှာ ဒီလို ဆူညံသံတွေ ထွက်နေပေမယ့် ကစားသမားတွေက ပွဲတွေကိုပဲ အာရုံစိုက်နေကြတာပါ။ ကျနော်တို့ဟာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ပြီး ရာသီကို အဆုံးသတ်ချင်ပါတယ်။ ကျနော် ပြောခဲ့သလိုပဲ ပွဲတွေအများကြီး ကစားဖို့ ရှိနေတဲ့အတွက် လေ့ကျင့်ရေးကို ကောင်းမွန်စွာလုပ်ပြီး အသင်းကို ကူညီဖို့က စာချုပ် ဒါမှမဟုတ် ဘယ်လို အရာတွေထက်မဆို ပိုပြီးအရေးကြီးပါတယ်”လို့ Sky Sports ကို ပြောခဲ့ပါတယ်။

ဒီဂီယာနဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံးလ အနည်းငယ်ထဲကို ရောက်ရှိနေတာ ဖြစ်ပြီး စပိန်ဂိုးသမားဟာ အခုအပတ် အစောပိုင်းက အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီဂီယာဟာ ယူနိုက်တက်အသင်းမှာ လုပ်ခလစာ အများဆုံးရတဲ့ သူတွေထဲက တစ်ဦးဖြစ်ပြီး တစ်ပတ်ကို ပေါင် ၃၇၅,၀၀၀ ရရှိနေတာပါ။

အဲဒါကြောင့် မန်ချက်စတာကလပ်ဟာ ဒီဂီယာကို လုပ်ခလစာ လျှော့ချပြီး စာချုပ်သစ် ချုပ်ဆိုချင်နေတာ ဖြစ်ပါတယ်။

ပြိုင်ဘက်အသင်းရဲ့ သွင်းဂိုးကို ကာကွယ်နေတဲ့ ဒီဂီယာကို တွေ့ရစဉ်

ဖာဂူဆန် လက်ထက်ကတည်းက ယူနိုက်တက်အသင်းမှာ နံပါတ်တစ် ဂိုးသမားအဖြစ် ပွဲထွက်ခွင့် ရနေတဲ့ ဒီဂီယာဟာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ ကစားကွက်ပုံစံနဲ့ လိုက်ဖက်မှု မရှိမှာကို စိုးရိမ်မှုတွေ ရှိခဲ့တာပါ။

ဒါပေမယ့် ဒီဂီယာဟာ အသင်းအတွက် အထင်ကြီးဖွယ် ကောင်းတဲ့ လက်စွမ်းတွေကို ပြသထားတာကြောင့် အသင်းရဲ့ အရေးပါတဲ့သူအဖြစ် ရှိနေတာ ဖြစ်ပါတယ်။

ဒီဂီယာက သူဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမားအဖြစ် ရှိနေတဲ့အတွက် သင့်လျော်တဲ့ လစာပမာဏကို ပေးချေသင့်တယ်လို့ ယုံကြည်နေတာပါ။

၂၀၁၁ ကတည်းက အသလက်တီကို အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒီဂီယာဟာ ယူနိုက်တက် အသင်းအတွက် ပွဲပေါင်း ၅၀၀ ကျော် ပါဝင်ကစားထားပြီး ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလား တို့ကို ရယူထားသလို တစ်ဦးချင်း အောင်မြင်မှုတွေလည်း အများအပြား ရယူထားတာ ဖြစ်ပါတယ်။

Source: Daily Mail