CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၀

ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဂိုးသမား ဒီဂီယာဟာ စပိန်လာလီဂါထံ ပြန်လာဖို့အတွက် ဘက်တစ်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

စပိန်သတင်းစာ ED က ဒီဂီယာနဲ့ ဘက်တစ်တို့ဟာ အကြိုညှိနှိုင်းမှုတွေစတင်ပြုလုပ်နေပြီဖြစ်ပြီး နှစ်ဖက်စလုံးက အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ လိုလားနေတယ်လို့ ဖော်ပြထားတာပါ။ ဘက်တစ်အသင်းရဲ့ နံပတ်တစ်ဂိုးသမား ဖြစ်တဲ့ ရူအီဆေးလ်ဗားဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်နေတာ ကြောင့် စပိန်ကလပ်မှာ ဂိုးသမားအဖြစ် အသက် ၄၀ နှစ်အရွယ်ရှိ ဘရာဗိုသာ ရှိတော့တာဖြစ်ပါတယ်။

ဘက်တစ်အသင်းကတော့ ရီးရယ်လ်အသင်းကစားသမားဟောင်း အစ္စကိုအား ခေါ်ယူခဲ့တဲ့ ပုံစံအတိုင်း ဒီဂီယာကို ကာလတိုစာချုပ်သာချုပ်ဆိုဖွယ်ရှိနေတယ်လို့ စပိန်သတင်းစာက ဖော်ပြထားတာပါ။ ယူနိုက်တက်အသင်းမှာ လုပ်ခလစာအများဆုံးရရှိခဲ့တဲ့ ဒီဂီယာဟာ ဘက်တစ်အသင်းထံ ပြောင်းမယ်ဆိုရင် လုပ်ခလစာ အများအပြား လျှော့ယူရမှာဖြစ်သလို အသင်းဘက်ကလည်း စပိန်ဂိုးသမားကို ခေါ်ယူနိုင်ဖို့ ငွေကြေးရှာဖွေရဖို့ ရှိနေပါတယ်။

ဒီဂီယာဟာ မန်ချက်စတာမှာရှိနေတာကြောင့် မကြာသေးခင်က အသင်းဟောင်း ယူနိုက်တက်အသင်းထံ ပြန်လာနိုင်ဖွယ်ရှိတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့သေးတာပါ။ ဒါပေမယ့် ဒီဂီယာဟာ စပိန်ကိုသာ ပြန်ဖို့ စိတ်အားထက်သန်နေတာကြောင့် စပိန်ကလပ်တွေနဲ့သာ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်ဖို့ ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ ဒီဂီယာဟာ ယူနိုက်တက်အသင်းထံ ပြောင်းဖို့အတွက် ၂၀၁၁ ခုနှစ်ကတည်းက စပိန်ကနေ ထွက်ခွာလာခဲ့တာပါ။

ဘက်တစ်အသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲရဲ့ အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ဒီတစ်ပတ်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၁၂ ရက်မှာ ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source:Goal