CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆

ဒူးဒဏ်ရာကြောင့် ၁၂ လနီးပါးကြာ အနားယူခဲ့ရတဲ့ နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် မကြာခင်မှာ ပြန်လာနိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ နည်းပြ ဂျော့ချ်ဂျီးဆပ်စ်က ပြောခဲ့ပါတယ်။ 

ဂျော့ဂျီးဆပ်စ်က “နေမာဟာ အယ်လ်ဟီလယ်အသင်းနဲ့ လိဂ်အတွက် အရေးပါတဲ့ ကစားသမားပါ။ ဒါပေမယ့် သူပြန်လာနိုင်မယ့် ရက်အတိအကျကိုတော့ ကျနော်သတ်မှတ်လို့ မရပါဘူး။ ဇန်နဝါရီမှာ အခြေအနေကို ကျနော်တို့ စောင့်ကြည့်သွားရမှာပါ”လို့ ပြောခဲ့တာပါ။ 

နေမာဟာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လက ပီအက်စ်ဂျီအသင်းကနေ ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့လာခဲ့ပြီး အယ်လ်ဟီလယ် အသင်းအတွက် ၅ ပွဲသာ ပါဝင်ကစားရသေးပေမယ့် ဘရာဇီးလ်အသင်းအတွက် နိုင်ငံပွဲစဉ် ဝင်ရောက် ကစားချိန်မှာ ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ 

အဲဒါကြောင့် နေမာဟာ ခွဲစိတ်မှုခံယူခဲ့ရပြီး ဇူလိုင်လမှာ လေ့ကျင့်မှုတွေ ပြန်လည်စတင်နိုင်ခဲ့တာပါ။ 

နေမာကို တွေ့ရစဉ်

နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် နည်းပြကတော့ ဒီမျှော်လင့်ချက်တွေကို လျော့နည်းစေခဲ့တာ ဖြစ်ပါတယ်။ 

အယ်လ်ဟီလယ်အသင်းဟာ ဆော်ဒီပရိုလိဂ် ပထမရာသီဝက်အတွက် ကစားသမားစာရင်း တင်သွင်းခဲ့တာမှာ နေမာကို ထည့်သွင်းခဲ့ခြင်း မရှိပေမယ့် ဒုတိယရာသီဝက်အတွက် စာရင်းသွင်းချိန်မှာ ထည့်သွင်းဖို့ရှိနေတာပါ။ 

နေမာအနေနဲ့ ကြံ့ခိုင်မှုပိုင်း ရာနှုန်းပြည့် ကောင်းမွန်လာမယ်ဆိုရင် နိုင်ငံခြားသား ကစားသမား အရေအတွက် ကန့်သတ်ထားခြင်းမရှိတဲ့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲကို အယ်လ်ဟီလယ်အသင်းအတွက် ပါဝင်ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ 

နေမာနဲ့ အယ်လ်ဟီလယ်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လမှာ ကုန်ဆုံးမှာပါ။ 

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အယ်လ်ဟီလယ်အသင်းဟာ ဒီရာသီလိဂ် ပြိုင်ပွဲမှာလည်း ရလဒ်ကောင်း တွေရရှိနေပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ 

Source: ESPN