CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆

ဘောလုံးဂန္ထဝင် ဇီဒန်းရဲ့ အကြီးဆုံးသားဖြစ်သူ အန်ဇိုဇီဒန်းဟာ ၁၆ လကြာ အသင်းလက်မဲ့ဖြစ်ပြီးနောက် အသက် ၂၉ နှစ်အရွယ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

အန်ဇိုဇီဒန်းဟာ စပိန်တတိယတန်းကလပ် ဖူအန်လာဘရာဒါအသင်းကနေ ၂၀၂၂-၂၃ ရာသီအကုန်မှာ ထွက်ခွာ ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။

အန်ဇိုဇီဒန်းဟာ ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့် ဘောလုံးနဲ့ ပတ်သက်ပြီး ငြီးငွေ့လာခဲ့တာ ကြောင့် သူ့မိသားစုရဲ့ ပံ့ပိုးမှုအပြည့်နဲ့ အနားယူဖို့ ဆုံးဖြတ်ချက် ချခဲ့တာလို့ စပိန်သတင်းစာ AS က ဖော်ပြထား ပါတယ်။ 

အန်ဇိုဇီဒန်းဟာ ရီးရယ်လ် အကယ်ဒမီမှာ ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ရီးရယ်လ် C နဲ့ B အသင်းတွေမှာ ပုံမှန်ကစားခွင့် ရရှိခဲ့ပါတယ်။ 

ဇီဒန်းဟာ ရီးရယ်လ်အသင်းကို ကိုင်တွယ်ချိန်က ကိုပါဒယ်ရေးဖလားပွဲစဉ်မှာ သားဖြစ်သူကို အသင်းကြီးအတွက် ပွဲဦးထွက်အဖြစ် အစ္စကိုရဲ့နေရာမှာ လူစားလဲ အသုံးပြုခဲ့တာပါ။ 

ဒါပေမယ့် အန်ဇိုဇီဒန်းဟာ ရီးရယ်လ်အသင်းကြီးအတွက် ၁ ပွဲသာ ကစားခွင့်ရခဲ့ပြီးနောက် စပိန်ကလပ် အလာဗက်စ်အသင်းထံ ရောင်းချခံခဲ့ရပါတယ်။ 

အန်ဇိုဇီဒန်းကို တွေ့ရစဉ်

နောက်ပိုင်းမှာ အန်ဇိုဇီဒန်းဟာ ဆွစ်ဇာလန်၊ ပေါ်တူဂီ ထိပ်တန်းကလပ် အသင်းတွေထံ ပြောင်းရွှေ့ခဲ့ပြီး ဒီအသင်း တွေကနေ စပိန်၊ ပြင်သစ် အောက်တန်းလိဂ်တွေကို ရောက်ရှိသွားခဲ့တာပါ။ 

အန်ဇိုဇီဒန်း အနားယူသွားပေမယ့် သူ့ရဲ့ညီ ၃ ဦးဟာ ဖခင်ရဲ့အမွေအနှစ်ကို ဆက်ထိန်းသိမ်းနိုင်ဖို့အတွက် ဘောလုံး လောကမှာ ဆက်ပြီးရှိနေတာ ဖြစ်ပါတယ်။

၂၀၁၈ က ရီးရယ်လ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်တဲ့ ဂိုးသမား လူကာဇီဒန်းဟာ ဂရန်နာဒါအသင်းမှာ ကစားနေတာပါ။ 

သီယိုဇီဒန်းက ဒီနွေရာသီမှာ ရီးရယ်လ်အသင်းကနေ ကော်ဒိုဘာအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး အယ်လ်ယာဇ်ဇီဒန်း ကတော့ ဘက်တစ်လူငယ်အသင်းမှာ ကစားနေပါတယ်။

ဇီဒန်းဟာ ဂျူဗင်တပ်စ်၊ ရီးရယ်လ်၊ ပြင်သစ်အသင်းတို့နဲ့အတူ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပြီး နည်းပြ အဖြစ် ရီးရယ်လ်အသင်းကို ကိုင်တွယ်ချိန်မှာလည်း လာလီဂါဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ဆက်တိုက် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

Source: Metro